close

လက်ယက်ကုန်း

close

September 27, 2022

သပိတ်ကျင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရပြီး အယောက် ၅၀ ကျော် သေဆုံး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ရွာနားမှာ စက်တင်ဘာ ၂၆ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး အယောက် ၅၀ ကျော် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ကို စစ်ကြောင်းထိုးဖို့အတွက် လွန်ခဲ့တဲ့နှစ်ရက်က စစ်ကြောင်းသုံးကြောင်းနဲ့ လာရောက်ခဲ့ပြီး အဲဒီစစ်ကြောင်းတွေထဲက အင်အား ၇၀ ပါ စစ်ကြောင်းဟာ ဖက်ရှည်ရွာကို ကားနဲ့ရောက်လာတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ သံပုရာချပ်လုပ်ကွက်ဆီကို ခြေလျင်လျှောက်လာတုန်း မိုင်းခွဲခဲ့တာလို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မိုင်းကွင်းကိုကျော်သွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဒုတိယမိုင်းကွင်းအရောက်မှာ ထပ်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပထမမိုင်းကွင်းမှာ မိုင်း ၈ လုံးနဲ့ ဒုတိယမိုင်းကွင်းမှာ မိုင်း ၆ လုံး၊ စုစုပေါင်း မိုင်း ၁၄ လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၄ ယောက် သေဆုံးပြီး ၁၇ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

မိုင်းခွဲတိုက်ခိုက်အပြီး မနက် ၁၀ နာရီလောက်မှာ နာရေးကား ၄ စီးနဲ့ သေဆုံး၊ ဒဏ်ရာရသူကို လာရောက်သယ်ဆောင်ပြီး ကျောက်ကြီးစစ်ဆေးရုံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်သားတွေထပ်ရောက်လာပြီး ဖက်ရှည်ကျေးရွာက လမ်းသွားလမ်းလာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးခဲ့သလို ဖက်ရှည်ကျေးရွာကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်တာကြောင့် ရွာနေပြည်သူတွေ စိုးရိမ်​ကြောက်ရွံ့နေ​တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ လက်ယက်ကုန်းဖြစ်စဉ်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်ပြီး တိုက်ခိုက်အပြီးမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

54 mins Ago

September 24, 2022

လက်ယက်ကုန်းစာသင်ကျောင်း အကြမ်းဖက်တိုက်ခိုက်မှုအပေါ် သြစတြေးလျရောက်မြန်မာများ ကန့်ကွက်ရှုတ်ချဆန္ဒပြ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းစာသင်ကျောင်းမှာ ကလေးငယ်တွေကို စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့အပေါ် ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲတခုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သွားပါတယ်။
AMDM (Australia) ANTI-MYANMAR DICTATORSHIP MOVEMENT ကနေစီစဉ်တဲ့ ဒီလှုပ်ရှားမှုကို မြန်မာပြည်ဖွားတိုင်းရင်းသား ၈၀ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့သလို ဗစ်တိုးရီးယားလွှတ်တော်အမတ်တချို့ကလည်း မြန်မာ့အရေး လာရောက်အားပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၆ရက်နေ့က လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က မြေပြင်ကရော လေကြောင်းနဲ့ပါ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို ဘကကျောင်းမှာ စာသင်နေတဲ့ ကလေးတွေ သေဆုံးခဲ့ရတာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သြစတြေးလျအပါအဝင် နိုင်ငံတကာက မျက်ကွယ်မပြုပဲ အကြမ်းဖက် စစ်ကောင်စီကို ဒီထက်ပိုထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့နဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ ဒီလှုပ်ရှားမှုကနေ တောင်းဆိုလိုက်ကြပါတယ်။
လျစ်လျူရှုနေတဲ့ ကမ္ဘာကြီး ပိုရက်စက်တာထက် ကိုယ့်တာဝန်ကိုယ်ကျေရအောင်လို့ အခုဒီလှုပ်ရှားမှုကို သြစတြေးလျရောက် မြန်မာတွေက အမြန်စီစဉ်ပြုလုပ်ရတာလို့ သိရပါတယ်။
ဒီကနေ့ သြစတြေးလျဖလား ဘောလုံးပွဲ ဗိုလ်လုပွဲလည်းရှိနေသလို ကျောင်းပိတ်ရက်တွေနဲ့တိုက်ဆိုင်နေပေမယ့် မဲလ်ဘုန်းရဲ့လူစည်ကားရာ မြို့လယ်ခေါင်မှာ ဆန္ဒပြခဲ့ကြတာပါ။

3 days Ago
Up