မကွေးတိုင်း မြိုင်မြို့နယ်မှာ အိမ်ခြေ ၂၀၀၀ ကျော်လောက်ရှိတဲ့ လက်ယက်မ(စံပြ) ကျေးရွာကို မေလ ၁၄ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မေ ၁၁ ရက်နေ့ကတည်းက အင်အား ၂၀၀ ကျော်လောက်နဲ့ မြိုင်မြို့နယ် လက်ယက်မကျေးရွာကို စစ်ကြောင်းထိုးပြီး မပြေးနိုင်တဲ့ သက်ကြီးဘိုးဘွား ၃၀ လောက်ကို ဖမ်းဆီးကာ မေ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ရွာကို ၄ နေရာလောက်ခွဲပြီး မီးရှို့ဖျက်ဆီးကြတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လက်ယက်မကျေးရွာက ဒေသခံ အမျိုးသမီးတယောက်က ဒီဗွီဘီကိုပြောပါတယ်။
“ဒီတခါ ဗျူဟာဆွဲတဲ့ စစ်ကြောင်းထိုးတဲ့ ဗျူဟာမှူးတွေတော်တယ်လို့ စစ်တပ်အသိုင်းဝိုင်းမှာတော့ သူတို့စစ်ကောင်စီတပ်ဘက်တွေကတော့ အောကမေ့မှာပေါ့။ ဒါပေမယ့် ပြည်သူကို ဒုက္ခပေးဖို့ ယုတ်မာဖို့နေရာမှာ တော်ကြတာ၊ ပြည်သူကို ကူညီဖို့ဆိုတာ သူတို့စိတ်ကူးထဲမှာ လုံးဝမရှိဘူး။ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးဝင်လာတော့ ရွာလုံးကျွတ်ထွက်ပြေးကြရတာ။ အဝတ်တထည် ကိုယ်တခုနဲ့ လောလောဆယ် စားဖို့သောက်ဖို့ ဟာတွေကလွဲရင် ကျန်တာဘာမှ မယူနိုင်ကြဘူး။ ကျမတို့နဲ့ အတူပြေးလာတဲ့ အဖွဲ့တွေမှာဆိုရင် မီးဖွားပြီးကာစ ရက်သားကလေးနဲ့အမေတွေလည်းပါတယ်။ မလိုက်နိုင်လို့ ပွေ့ချီခေါ်ရတဲ့ မသန်စွမ်းတွေလည်း ပါကြတယ်။ ဒီဘက်က အကူအညီပေးတဲ့ ရွာတွေကိုပါ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမယ် ကြားတယ်။”
လက်ရှိအခြေနေမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံအချို့ ဘုန်ကြီးကျောင်းတွေနဲ့ ကျေးရွာတွေက အကူအညီပေးနေလို့ စားသောက်ရေးနေထိုင်ရေး အဆင်ပြေနေပေမယ့် လက်ယက်မရွာတောင်ပိုင်း၊ ပိတောက်ကန်ရွာနဲ့ ထန်းတောမရွာဘက်က ပြည်သူတချို့ဆိုရင် ထွက်ပြေးတိမ်းရှောင်ဖို့ အချိန်မမီတာကြောင့် တောထဲတွေမှာ ပုန်းရှောင်ကာ ဖြစ်သလို နေထိုင်စားသောက်ကြရတယ်လို့ ပြောပါတယ်။
“ထန်းကလက်တချပ်ကို ငွေကျပ် ၂၀၀ ကျော်၊ ဝါးတလုံးကို ၁၅၀၀ ကျပ်လောက်ပေးဝယ်နေရတဲ့ ခေတ်မှာ အိမ်တလုံး ဖြစ်ဖို့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရာတယ်ဆိုတာ၊ ပြည်သူတွေဘယ်လောက်ထိ ဒုက္ခရောက်ကြတယ်ဆိုတာ မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်သားတွေ သိကြမှာပါ။ သူတို့စစ်တပ်တွေ အုပ်စိုးနေသမျှတော့ မြန်မာနိုင်ငံက ပြည်သူတွေဟာ ဒုက္ခတွေသောကတွေနဲ့ပဲ အမြဲတမ်းကြုံတွေ့နေရတော့မှာပဲ။ အဲဒီတော့ ဒုက္ခတွေ သောကတွေ မတွေ့ကြုံဘဲ ချမ်းချမ်းမြေ့မြေ့နေချင်ရင်တော့ ဒီစစ်တပ်တွေကို အမြစ်ဖြုတ်နိုင်မှ ကျမတို့ အေးအေးချမ်းချမ်းနေကြရမယ်။ အခုဟာက ကိုယ့်လုပ်စာ ကိုယ်ဟာကို လုပ်စားနေကြရပြီးတော့ အေးအေးချမ်းချမ်းမနေကြရဘူး” လို့ လက်ယက်မ(စံပြ)ကျေးရွာ ဒေသခံအမျိုးသမီးက ပြောပါတယ်။
“ကျနော်တို့ရွာ မီးရှို့ခံလိုက်ရပြီဗျ။ ဟတ်စကီး တစီးလည်း နေ့လယ်လောက်က လက်ယက်မရွာကို ဆင်းပြီး ပစ္စည်းတွေချသလား၊ ဖမ်းထားတဲ့ ဓားစာခံတွေကို ခေါ်သွားလားတော့ မသိရဘူး။ မီးတောက်တွေကလည်း ၂ ရွာ ၃ ရွာကျော်လောက်ကနေ လှမ်းမြင်နေရတယ်။ ပြည်သူတွေရဲ့ မျက်ရည်တွေနဲ့ ခြေဆေးနေတဲ့ ကောင်တွေကို လုံးဝမကျေနပ်ဘူး။ တချို့မိန်းမတွေဆိုရင် ပစ်လဲနေကြတယ်၊ အကြောတက်ပြီးတော့လည်း မေ့လဲကုန်တယ်” လို့ လက်ယက်မကျေးရွာက ဒေသခံလူငယ်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လက်ယက်မရွာကို စဝင်တဲ့နေ့ကတည်းက လက်နက်ကြီးတွေနဲ့ တွေ့ရာမြင်ရာကို ပစ်ခတ်ခဲ့တာကြောင့် ရွာမှာရှိတဲ့ ပြည်သူအားလုံး ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရကာ မပြေးနိုင်လို့ တောထဲတွေမှာ ပုန်းခိုပြီးကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ဖမ်းပြီး ဘုန်းကြီးကျောင်းထဲမှာ ဓားစာခံအဖြစ်ခေါ်ထားတယ်လို့ ဆိုပါတယ်။
“ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရလို့ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေနဲ့ အဆက်သွယ်ပြတ်တောက်နေပြီ။ ဒီကနေ့မှာ ရွာကို မီးရှို့ဖျက်ဆီးကြတယ်ဗျ။ မနက်ပိုင်းမှာ ကင်းတဲလေးတွေကို အရင်ဦးဆုံးမီးရှို့ကြတယ်။ ညနေ ၅ နာရီခွဲလည်းကျရော ရွာကို ၄ နေရာလောက်ခွဲပြီး စစ်(...) တွေက မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၅၀၀ လောက်ရှိတဲ့ ကျနော်တို့ ရွာ တရွာလုံးနီးပါး မီးလောင်ဆုံးရှုံးနိုင်တယ်” လို့ ဒေသခံလူငယ်က ပြောပါတယ်။
လက်ယက်မကျေးရွာမှာ မီးသတ်ကားရှိပေမယ့် ဘာမှ မတတ်နိုင်သလို ရွာနဲ့ကပ်လျက် ဆောမရွာဘက်က ပြည်သူတွေဟာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူးလို့ထင်ပြီး မီးငြှိမ်းသတ်ဖို့သွားကြပေမယ့် ဆိုင်ကယ်မီးတွေမြင်လို့ လက်ယက်မရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နောက်ပြန်ဆုတ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
လက်ယက်မရွာထဲမှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်လို့ ပြည်သူ ၅ ယောက်လောက်သေဆုံးတယ် ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံလူငယ်က “အလိုအပ်ဆုံးအချက်ကတော့ မိုးကြီးမြန်မြန်ရွာချပြီး ကျနော်တို့ရွာ မီး ငြိမ်းသွားရင် ကျေနပ်ပါပြီဗျာ။ စားဖို့သောက်ဖို့ဆိုတာ ကိုယ်ဗိုက်ကိုတောင်မမြင်တော့ပါဘူး။ အခု ရွာသူရွာသားတွေကျတဲ့ မျက်ရည်တွေ မိုးအဖြစ်ပြောင်းပြီးတော့တောင်မှ ရွာစေချင်ပါတယ်။ NUG အစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအကုန်လုံးကို လက်နက်တွေ အမြန်ဆုံးတပ်ဆင်ပေးစေချင်တယ်။ အခုဟာက လူငယ်အားမမျှတာမဟုတ်ဘူး လက်နက်အင်အားမမျှလို့ ပြည်သူတွေ ခံနေကြရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာလို့ လက်ယက်မကျေးရွာအပါဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။
အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိဘာသာရေးအဆောက်အဦးတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာ မေ ၁၃ ရက်နေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ ပြည်သူအယောက် ၃၀ လောက်ကို ဖမ်းဆီးထားပြီး ၅ ဦးက ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေပေါင်းပြီး အင်အား ၂၀၀ လောက်နဲ့ လက်ယက်မကျေးရွာကို ဝင်မွှေနေတာဗျ။ ရွာသားတွေ အယောက် ၃၀ လောက် အဖမ်းခံထားရတယ်။ နောက်ပြီးတော့ ပိတောက်ကန်ရွာ(ခေါ်) ရွာရှည်ရွာက နေအိမ်တွေကို လက်နက်ကြီး ကျည်ကျရောက်ပြီး နေအိမ် ၄၀ ကျော်လောက် မီးလောင်ဆုံးရှုံးကာ သက်ကြီးဘိုးဘွား ၃ ယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်” လို့ လက်ယက်မရွာ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် မေ ၁၃ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ တောင်ဘို့ရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသားတယောသေဆုံးခဲ့သလို မေ ၁၂ ရက်နေ့မှာလည်း တောင်ဘို့ရွာနားလေးမှာ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ချည်းပဲ ကျေးရွာတွေကို ဆက်တိုက်လှမ်းထုနေတာဗျ။ လက်ယက်မရွာအပြင် အနီးနားက ကျေးရွာတွေ ပျက်စီဆုံးရှုံးမှု တော်တော်များတယ်။ ဒီကနေ့ (မေ၁၃) ညနေပိုင်းမှာ ပျူစောထီးအများအပြားနေထိုင်တဲ့ ကန်နီကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားဆော်ကြလို့ အပြန်အလှန် တိုက်ပွဲ ဖြစ်သံကြားရတယ်။ ဆက်သွယ်ရေး ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အားလုံး ဖြတ်တောက်ထားပြီး MPT လိုင်းတခုသာ ရတချက် မရတချက်ဘဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၂၀၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
လက်ယက်မကျေးရွာမှာ ဇန်နဝါရီ ၁၆ ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက မီးရှို့ သတ်ဖြတ်သွားတဲ့ အလောင်း ၃ လောင်းတွေ့ရှိပြီးတော့ ဒေသခံ အမျိုးသား ၇၀ လောက်လည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်မြောက်စစ်ဒေသ ဖြစ်တဲ့ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။