ချီလီသမ္မတရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မဲပေးရမှာဖြစ်ပေမဲ့ ရွေးကောက်ပွဲမတိုင်မီ ချီလီမဲဆန္ဒရှင်တွေကြားမှာ လက်ဝဲနဲ့ လက်ယာ အုပ်စုပြိုင်ဆိုင်မှုက ကြီးမားနေပါတယ်။
၂၀၀၉ ကတည်းက ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပြီး အားကောင်းလာတဲ့ တအုပ်စုက ကျောင်းသားခေါင်းဆောင်ဟောင်း ‘ဂါဘရီယယ်လ်ဘောရစ်’ ဦးဆောင်တဲ့ တိုးတက်သောလက်ဝဲအုပ်စုနဲ့ အစွန်းရောက်ကွန်ဆာဗေးတစ် ဟိုဆေးအန်တိုနီယိုကစ် (Jose Antonio Kast) ဦးဆောင်ပြီး တင်းကျပ်တဲ့ဥပဒေအမိန့်တွေ လိုလားနေတဲ့ ပြိုင်ဘက် လက်ယာအုပ်စုတို့ ပြိုင်ဆိုင်မှု ကြီးမားနေတာပါ။
ချီလီ Central University ရဲ့ ဒါရိုက်တာ ပါမောက္ခ မာကိုမော်ရေးနိုး (Marco Moreno) ကတော့ “ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ အရေးမကြီးဘူး၊ ရှုပ်ထွေးတဲ့ ချီလီအခြေအနေကို ဘယ်သူ အုပ်ချုပ်နိုင်စွမ်းရှိလဲဆိုတာသာ အဓိကပါ။ ချီလီမှာ စီးပွားရေးပြဿနာကြောင့် ဖြစ်လာတဲ့ အုပ်ချုပ်ရေး မသေချာမရေရာမှုကို ဖြေရှင်းဖို့အတွက် အခြေခံဥပဒေက အသင့်မဖြစ်ပါဘူး။ ဒါကြောင့် ပြဿနာဖြေရှင်းဖို့ ကစားပွဲစည်းမျည်း (rules of the game) က ရှင်းရှင်းလင်းလင်း ရှိမနေဘူး။ ဒီတော့ ရွေးချယ်မှုကနေ နိုင်ငံရေးတောင်းဆိုမှုတွေ အများအပြား ရှိလာပါလိမ့်မယ်” လို့ ပြောပါတယ်။
တောင်အမေရိကတိုက်လို စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်တဲ့ဒေသမှာ ချီလီကို ကမ္ဘာမှာ ကြေးနီအများဆုံး ထုတ်လုပ်ပြီး အတော်အတန် တည်ငြိမ်နေတဲ့နိုင်ငံလို့ အများက မြင်ထားကြတာပါ။ ဒါပေမဲ့ အခုအခါ ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ ဘောရစ်နဲ့ ကက်စ်တို့ကြား ချီလီနိုင်ငံ အနာဂတ်အပေါ် အမြင်ခြားနားမှုက ကြီးမားနေပါတယ်။