ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီခရိုင်၊ ဘန်းပေါင်ဒေသကို မတ် ၁၃ ရက်က ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပရာရွတ် လာမယ့်လမ်းပေါ်မှာ လက် ၃ ချောင်းထောင် ဆန္ဒထုတ်ဖော်တဲ့ ထိုင်းအမျိုးသမီးကြီးတဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး စွဲချက် ၃ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ် ပရာရွတ်ဟာ ဒေသတွင်း စီမံကိန်းတခုကို လာရောက်ရာမှ အမျိုးသမီးကြီး ၂ ဦးက ပရာရွတ် ရောက်ခါနီး ၁၀ မိနစ်အလိုကစပြီး လမ်းပိတ် လက် ၃ ချောင်းထောင် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေ သတိပေးတားမြစ်လို့ အမျိုးသမီးတဦးက ဖယ်ရှောင်ပေးလိုက်ပြီး အသက် ၅၀ အရွယ် အမျိုးသမီး ဝန်တာနာကတော့ လမ်းဖယ်မပေးဘဲ ဆက်လက် ဆန္ဒပြနေတဲ့အတွက် အာဏာပိုင်တွေက ထီးနဲ့ကွယ်၊ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ကားပေါ် အတင်းခေါ်ဆောင် ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်မှာ ရတ်ချာဘူရီခရိုင်၊ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရဖူးတဲ့ ဝန်တာနာကို ဘတ် ၁၀,၀၀၀ နဲ့ အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ထောင်ဒဏ် ၁၀ ရက်နဲ့ ဒဏ်ငွေ ဘတ် ၅,၀၀၀ သော်လည်းကောင်း၊ နှစ်မျိုးစလုံးသော်လည်းကောင်း ခံရနိုင်တဲ့ အကြောင်းပြချက်မရှိ ရဲအမိန့်မလိုက်နာမှု၊ လူ့ပတ်ဝန်းကျင်မှာ အနှောင့်အယှက်ဖြစ်စေတဲ့ ကျယ်လောင်တဲ့ အော်ဟစ်ဆန္ဒပြမှု (ဘတ် ၁,၀၀၀ ဒဏ်ရိုက်ခံရနိုင်) တဲ့စွဲချက်၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ ပါးစပ်ကိုပိတ်လာတဲ့ ရဲလက်ကို ကိုက်မှု (ထောင်ဒဏ် တနှစ်၊ ဘတ် ၂၀,၀၀၀ သို့တည်းမဟုတ် ပြစ်ဒဏ် ၂ ခုလုံး ကျခံရနိုင်) စွဲချက် ၃ ချက်နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိ ဝန်ကြီးချုပ်လာရောက်တဲ့ ဒေသတွင်း အစိုးရစီမံကိန်းဟာ သူ့မိသားစုကို စီးပွားပျက်စေခဲ့လို့ မကျေနပ်တဲ့အတွက် ဘန်ပေါင်းရဲစခန်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို စောဒကတက်တဲ့စာ ရေးပို့ထားပေမဲ့ ပြဿနာကို မဖြေရှင်းဘဲ လျစ်လျူရှုထားမှုကြောင့် မကျေနပ်လို့ ဆန္ဒပြရတာလို့ဆိုပါတယ်။
အသက်ကြီးပြီဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ဝင်မပါတော့ဘဲ နောက်လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်သစ်ရွေးဖို့ မဲပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိဝန်ကြီးချုပ် ပရာရွတ်လိုမျိုး ပလ္လင်ပေါ်ထိုင်ပြီး အားပေးသူတွေ လက်ခုပ်သံအပေါ်မှာပဲ ကြည်နူးသာယာနေပြီး ပြည်သူ့ပြဿနာ ဖြေရှင်းမပေးတဲ့ ဝန်ကြီးချုပ်မျိုးကိုတော့ မဲမပေးနိုင်ဘူးလို့ ဝန်တာနာက ဒေသတွင်းမီဒီယာတွေကို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။