close

လင်မယားကွာရှင်းမှု

close

December 23, 2021

လင်မယားကွာရှင်းမှုအတွက် ယူအေအီးဝန်ကြီးချုပ်ကို ပေါင် ၅၅၄ သန်း ပေးဆောင်ရန် အမိန့်ချ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အထက်တရားရုံးက ယူအေအီးနိုင်ငံ ဝန်ကြီးချုပ်၊ ဒူဘိုင်းမြို့အကြီးအကဲ ရှိခ် မိုဟာမဒ်ဘင်ရာရှစ် အယ်လ် မက်တွမ်ကို  သူ့ဇနီးဟောင်းနဲ့ ရင်ဆိုင်နေရတဲ့အမှုအတွက် စတာလင်ပေါင် ၅၅၄ သန်း (အမေရိကန်ဒေါ်လာ ၇၇၃ သန်း) ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။

သူ့ဇနီးဟောင်းက ကွယ်လွန်သူ ဂျော်ဒန်ဘုရင်ရဲ့သမီးတော် အသက် ၄၇ နှစ်ရှိ မင်းသမီး ဟယာ ဘင့် အယ်လ်ဟူစိန် ဖြစ်ပြီး၊ မင်းသမီးအတွက်လုံခြုံရေးစောင့်ရှောက်ခနဲ့ ကလေးနှစ်ယောက် စရိတ် တရားရုံးက ချမှတ်လိုက်တာပါ။

ဗြိတိသျှ တရားစီရင်ရေးသမိုင်းမှာ စရိတ်အမြင့်မားဆုံး လင်မယားကွာရှင်းမှုအဖြစ် မှတ်တမ်းဝင်သွား ပါတယ်။

ဒူဘိုင်းမြို့အကြီးအကဲ ရှိခ်မိုဟာမဒ်ဟာ ကမ္ဘာ့မြင်းပြိုင်ပွဲတွေမှာလည်း ဩဇာရှိတဲ့ မာလ်တီဘီလီယံနာ သူဌေးကြီးပါ။ 

မင်းသမီး ဟယာက သူ့ရဲ့ ခြောက်ဦးမြောက်ဇနီးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မင်းသမီးက သူ့အသက်ကိုစိုးရိမ်တာကြောင့် ကလေးနှစ်ယောက်နဲ့အတူ လန်ဒန်ကို  ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

တရားရုံးက ရှိခ်မိုဟာမဒ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဇနီးဟောင်းကို အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ကလေးနှစ်ဦးကို ပြန်ပေးဆွဲဖို့ ကြံစည်မှုတွေ ရှိခဲ့တယ်လို့ ဆုံးဖြတ်ပါတယ်။ 

အခု သူ့အတွက် လုံခြုံရေးစရိတ်၊ ဒူဘိုင်းရှိ သူ့ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ခဲ့ရတဲ့စရိတ်၊ လန်ဒန်ရှိ မင်းသမီးအိမ်တော်ကို ထိန်းသိမ်းမှုစရိတ်၊ သမီးငယ်နှစ်ယောက် စောင့်ရှောက်စရိတ်နဲ့ ပညာသင်ထောင်ပံ့စရိတ်တို့အတွက်  ပေါင် ၅၅၄ သန်း ချလိုက်တာပါ။ 

သုံးလအတွင်း  ပထမအရစ် ၂၅၁ ဒသမ ၅ သန်းကို HSBC ဘဏ်ကတဆင့်  လွှဲပေးရမှာ ဖြစ်ပါတယ်။ မင်းသမီးဟယာက တရားရုံးကို ပေါင် ၁ ဒသမ ၄ ဘီလီယံ ရဖို့ လျှောက်ထားခဲ့တာဖြစ်ပေမဲ့ အခု တရားရုံး ဆုံးဖြတ်ချက်က သူမျှော်မှန်းတာရဲ့ တဝက်အောက်ပဲ ရှိပါတယ်။  

1 min Ago
Up