close

လင်မယား

close

October 22, 2022

မြောက်ဒဂုံ ဦးကြင်ဥစျေး၌ လင်မယားနှစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် အမှတ် ၃၂ ရပ်ကွက်ရှိ ဦးကြင်ဥစျေးမှာ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက စျေးဝယ်နေတဲ့ လင်မယား သေနတ်နဲ့ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးကာ အမျိုးသမီးဒဏ်ရာ ရခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်လောက် ဦးကြင်ဥစျေးမှာ စျေးဝယ်နေတဲ့ လင်မယားကို အမည်မသိ ဆိုင်ကယ်စီးလာသူ နှစ်ယောက်က ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

"စျေးဝယ်ပြီး ထွက်လာတဲ့အချိန် ဆိုင်ကယ် တစ်စီးရောက်လာပြီး ပစ်သွားတာ။ သေနတ်သံ ဆယ်ချက်လောက် ရှိတယ်။ အမျိုးသားက ပိုထိတယ်။ ပွဲချင်းပြီးပဲ။ အမျိုးသမီးလည်း ထိတယ် မသေဘူး။ ဒါပေမဲ့ စိုးရိမ်ရတယ်။" 

သေဆုံးသွားတဲ့အမျိုးသားနဲ့ ဒဏ်ရာရ အမျိုးသမီးတို့ကို ဆေးရုံကို ပို့ဆောင်လိုက်ကြောင်း၊ လင်မယားနှစ်ဦးလုံး ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတာလို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတာ၊ ကုမ္ပဏီနာမည်တော့ မမှတ်မိဘူး။ သူရဲ့နောက်ကြောင်း မသိတော့ ဘာကြောင့်အပစ်ခံရတာလည်း ပြောဖို့ခက်တယ်။” 

ပစ်ခတ်ခံရသူ နှစ်ယောက်ဟာ Focus Star ကုမ္ပဏီမှ မန်နေဂျာ ဦးအောင်ပြည့်ဖြိုးနဲ့ ဇနီး ဒေါ်အေမီလှိုင်ဖြစ်ပြီး ရပ်ကွက်အတွင်း ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီတပ်ကို သတင်းပေးခဲ့သလို UG နဲ့ PDF တွေရဲ့ အခြေအနေကိုလည်း သတင်းပေးပို့နေတဲ့အတွက် မြို့ပြပျောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ Ground News Coverage (GNC) အဖွဲ့ ထုတ်ပြန်ထား ပါတယ်။

အခုလို ပစ်ခတ်ခံရသူတွေဟာ စစ်ကောင်စီသတင်းပေး ဟုတ်၊ မဟုတ်ကိုတော့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့ မနက်ပိုင်းကလည်း လှိုင်မြို့နယ်၊  ၂ ရပ်ကွက်၊ သီရီလမ်းမှာ ရာအိမ်မှုးအပါအဝင် သုံးဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၂၉ ကြိမ်ဖြစ်ခဲ့ပြီး ၁၈ ဦး သေဆုံးကာ ၃၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

6 mins Ago

August 16, 2022

ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဗုံးပေါက်ကွဲပြီး အမှိုက်ကောက်သည့် လင်မယား ဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊  ၇၈ ရပ်ကွက်၊ ရွှေလီလမ်းမှာ ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီခွဲလောက်က ဗုံးပေါက်ကွဲပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယုဇနဥယျာဥ်အိမ်ရာ အနောက်ဘက်ဂိတ်တံခါးနား ဗုံးပေါက်ကွဲချိန် လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ လင်မယားနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အိမ်ရာမှာ နေထိုင်သူ တဦးက ပြောပါတယ်။

"အမှိုက်ကောက်နေချိန် ဗုံးထပေါက်တာ။ ဒဏ်ရာတွေ မြင်မကောင်းဘူး။ အသက်တောင် ရှင်ပါ့မလား မသိဘူး။ စစ်တပ်က လာတော့ ဗုံး တလုံး ထပ်တွေ့တယ်။"

ထိခိုက်ဒဏ်ရာရသူ နှစ်ယောက်ဟာ လက်တွန်းလှည်းနဲ့ ရေသန့်ဘူး လိုက်ကောက်တဲ့  ကိုလှမိုးနဲ့ မစံပယ်တို့ ဇနီးမောင်နှံ ဖြစ်တယ်လို့ မြို့နယ်ထွေအုပ်နဲ့ နီးစပ်သူ တဦးက   ပြောပါတယ်။

"ကိုလှမိုးက လက်နှစ်ဖက်လုံးပြတ်သွားတယ်။ သူ့မိန်းမလည်း အတော်လေးထိသွားတယ်။ အခြေအနေမကောင်းဘူး။”

လတ်တလော အဆိုပါထိခိုက်ဒဏ်ရာရသူ နှစ်ယောက်ကို အမှတ် ၁ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ အနီးဝန်းကျင်ကို ရှာဖွေရာမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး တလုံး ထပ်မံတွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်က မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့်  ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေ ရှိသလို ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

2 months Ago
Up