close

လည်ငေါက်ကျေးရွာ

close

June 29, 2022

ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာ နေအိမ်များကို စစ်ကောင်စီတပ်က ၂ ရက်ဆက် မီးရှို့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ဇွန် ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်ကတကြိမ်နဲ့ ဒီနေ့မနက် ၆ နာရီလောက် တကြိမ် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦ ၂၄ လုံး မီးလောင်ကျွမ်းသွားခဲ့သလို ရိုက်ထုဖျက်ဆီးထားခဲ့တဲ့ နေအိမ်တွေလည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ယင်းမာပင်မြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က အခုလိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အရင်နေ့တွေကလည်း အခြားကျေးရွာတွေမှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို ရှာဖွေယူဆောင်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို ရွာစဥ်ထိုး သွားလာပြီး နေအိမ်တွေမီးရှို့တာ၊ ပစ္ဏည်းတွေယူတာအပြင် ဇီးဖြူပင်ကျေးရွာက ပြည်သူ ၂ ဦးနဲ့ လည်ငေါက်ကျေးရွာက ပြည်သူ ၁ ဦးတို့  ဓားစာခံပုံစံမျိုး ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လည်ငေါက်ကျေးရွာဟာ ယင်းမာပင်မြို့ရဲ့ တောင်ဘက် မုံရွာ-ယင်းမာပင်-ပုလဲ လမ်းမကြီးဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ခံရတာ ၃ ကြိမ်ထက်မနည်း ရှိပြီလို့ ဆိုပါတယ်။

ပုံစာ- ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် လည်ငေါက်ကျေးရွာနေအိမ်များ မီးလောင်မြင်ကွင်း

4 mins Ago

May 28, 2022

ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း၊၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာထဲက ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မေ ၂၈ ရက် မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေ ၂၇ ရက်သန်းခေါင်ကျော်  (မေ ၂၈ ရက် မနက်ပိုင်း အစောပိုင်း ၁ နာရီဝန်းကျင်)လောက်က စတင်မီးရှို့ခဲ့ကြပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရကြောင်း၊ မေ ၂၈ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာလည်း ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ကြကာ မီးလောင်နေတဲ့မြင်ကွင်းကို အဝေးကနေ မြင်တွေ့ခဲ့ကြရတယ်လို့ ဒေသခံက  ဆိုပါတယ်။

မီးရှို့မှုကြောင့် လည်ငေါက်ကျေးရွာရဲ့ ဆုံးရှုံးမှုအခြေအနေကိုတော့ချက်ချင်း မသိရသေး သလို စစ်ကောင်စီတပ်ဖွဲ့တွေ ရွာအတွင်းမှာပဲ ရှိနေသေးတာကြောင့် ဒေသခံပြည်သူတွေ မကပ်ရဲ သေးပဲ ရှိနေကြောင်းနဲ့ ဖုန်းလိုင်းတွေပါ  ဆက်သွယ်မှု ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြော ပါတယ်။

မေ ၂၇ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ ကောင်းဆင့်ကျေးရွာမှ ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ဘဲတွေကိုလည်း ခိုးယူရိုက်သတ်ချက်စားခဲ့ကြသလို သေနတ် ပစ်ဖောက်သံတွေလည်းကြားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယင်းမာပင်မြို့နယ်မှာ လက်ရှိအချိန်ထိ ဖုန်းလိုင်းဆက်သွယ်ရေး အဆင်မပြေသလို စစ်ကောင်စီ တပ်ဖွဲ့တွေကလည်း ခပ်စိပ်စိပ်စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေကာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့တာတွေ  လုပ်ဆောင်နေကြပြီး ဒေသခံ အများအပြားလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲ ရှိပါတယ်။

1 month Ago
Up