ဗြိတိန်နိုင်ငံက လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ အဖွဲ့အစည်းအလိုက် လူမျိုးရေးခွဲခြားပြီး အလွဲသုံးစားလုပ်တာ၊ လိင်တူစုံမက်သူတွေကို မုန်းတာတွေတယ်ဆိုပြီး အစီရင်ခံစာထွက်လာပြီးနောက် ဗြိတိန်ရဲ့ အကြီးဆုံးရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ ဖိအားပေးခံနေရပါတယ်။
မုဒိမ်းကျင့်သတ်ဖြတ်မှုအတွက် ရဲအမှုထမ်းအရာရှိတဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပြီးတဲ့နောက် တနိုင်ငံလုံးကို ထိတ်လန့်စေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ အဲဒီအချိန်က ရဲတပ်ဖွဲ့အကြီးအကဲ ခရက်စီဒါ ဒစ်ခ်က ၂၀၂၁ ခုနှစ်မှာ တာဝန်ပေးခဲ့ပါတယ်။
ပြန်လည်သုံးသပ်မှုကို ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ် လူဝီကေစီက အစွန်းရောက် ပြုပြင်ပြောင်းလဲမှု လိုအပ်နေတဲ့ ရဲတပ်ဖွဲ့ထဲမှာ ဆိုးဆိုးရွားရွား ပျက်ကွက်မှုတွေကို တွေ့ရှိခဲ့တာပါ။
“ကျယ်ကျယ်ပြန့်ပြန့် အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်တူစုံမက်သူတွေအပေါ် အဖွဲ့အစည်းလိုက် မုန်းတီးမှု၊ အမျိုးသမီးတွေအပေါ် အရိုးစွဲနေတဲ့ အထင်သေးမှု၊ လူမျိုးရေးခွဲခြားမှု၊ တခြား လက်မခံနိုင်တဲ့ အပြုအမူတွေကို ကျနော်တို့ တွေ့ရှိခဲ့တယ်” လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
လူမည်း ဆယ်ကျော်သက် စတီဖင်လောရန့်စ်ကို သတ်ဖြတ်မှုနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းမှုအပြီး ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ဒီဖြစ်ရပ် ပေါ်ပေါက်လာတာပါ။
ဗြိတိန်ရဲ့ ဝါအရင့်ဆုံး ရဲအရာရှိနဲ့ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး မာ့ခ် ရော်လေက “လန်ဒန်မြို့ခံတွေကို ကျနော်တို့ ကူညီထောက်ပံ့ဖို့ ပျက်ကွက်ခဲ့တယ်။ ကျနော်တို့ဟာ ကိုယ့် ရှေ့တန်းစစ်မျက်နှာကို ထောက်ပံ့ဖို့လည်း ပျက်ကွက်ခဲ့တယ်။ ဒီအစီရင်ခံစာဟာ ဒါကို ကွက်ကွက်ကွင်းကွင်း ချယ်မှုန်းပြခဲ့တယ်။ ကျနော် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းပါတယ်” လို့ ပြောပါတယ်။
ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ကလည်း ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု အကြီးအကျယ် ပျက်စီးခဲ့ပြီလို့ ပြောခဲ့ပါတယ်။
“ကျနော်တို့ အခုလုပ်ဖို့လိုတာက ဒီအမှားမျိုး ထပ်မလုပ်ဖို့ပါ။ ကျနော်တို့က ပြည်သူ့ယုံကြည်မှုကို ပြန်ရနိုင်ပါတယ်။ ရဲကော်မရှင်နာမင်းကြီးက ဒီလိုလုပ်ဖို့ ကတိပြုထားတယ် ဆိုတာလည်း ကျနော်သိပါတယ်” လို့ ဆူးနကတ်ခ်က ဘီဘီစီရုပ်သံကို ပြောပါတယ်။
စာမျက်နှာ ၃၆၀ ပါတဲ့ အစီရင်ခံစာထဲမှာ ရဲတပ်ဖွဲ့ဟာ အားကောင်းတဲ့ ခေါင်းဆောင်မှု၊ အမျိုးသမီးကာကွယ်ရေး ဝန်ဆောင်မှုနဲ့ ကလေးသူငယ်ဆိုင်ရာ ဗျူဟာသစ် အပါအဝင် ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံချက်တွေကို လိုအပ်နေတယ်လို့ ပြောထားပါတယ်။
ဗြိတိန်မှာ ကိုဗစ်-၁၉ လော့ခ်ဒေါင်းချထားချိန်အတွင်း ဝန်ကြီးချုပ်ရဲ့ နေအိမ်ဝင်းအတွင်း ပါတီပွဲ ကျင်းပခဲ့မှုကို စတင်စစ်ဆေးနေပြီလို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ‘မစ္စခရက်စီဒါဒစ်ခ်’ က ပြောပါတယ်။
ဝန်ကြီးချုပ် နေအိမ်အတွင်း ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ ပါလီမန်နဲ့ အစိုးရက ကော်မရှင်တခု ဖွဲ့စည်းပေးခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က အသေးစိတ် ဝင်ရောက်စစ်ဆေးတာလို့ ခရက်စီဒါက ပြောပါတယ်။
ဘောရစ်ဂျွန်ဆင်ဟာ ၂၀၁၉ ခုနှစ်မှာ ကွန်ဆာဗေးတစ်ပါတီရဲ့ ထောက်ခံမှုကို အများဆုံးရရှိပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပေမဲ့ အခု သူ့ပါတီအမတ်တွေကိုယ်တိုင်က ဖိအားပေး ရာထူးက နုတ်ထွက်ခိုင်းနေတာပါ။
ဒါပေမဲ့ ဂျွန်ဆင်က ဒေါင်းနင်းလမ်း ပါတီပွဲကိစ္စ အများပြည်သူတွေကြား ရှင်းရှင်းလင်းလင်း ဖြစ်ဖို့အတွက် မြို့တော်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ကြိုဆိုကြောင်း ပြောခဲ့ပါတယ်။