ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ မုန်တိုင်းရှောင်ဖို့ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်တိုက်တွေကို လူဦးရေ ထောင်နဲ့ချီပြီးလာရောက် ယာယီ ခိုလှုံနေကြပါတယ်။
လပွတ္တာမြို့ အနီးပတ်ဝန်းကျင်နဲ့ အောက်ဖက်ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ မုန်တိုင်းရှောင်ဖို့ အတွက် မေလ ၆ ရက်နေ့ကစတင်ပြီး ရွှေ့ပြောင်းနေထိုင်နေကြတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ကိုင် ဆောင်ရွက်ပေးနေသူ တစ်ဦးက " မုန်တိုင်းသတင်းကြေညာပြီး မေလ ၆ ရက်ကစပြီး မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ လာရောက်နေထိုင်ကြတာ။ မုန်တိုင်းရှောင်သူတွေကတော့ နီးစပ်ရာအဆက်အသွယ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီနေကြတာထောင်နဲ့ချီတယ်။ စာရင်းအတိ အကျကတော့ သေချာမသိရသေးဘူး"လို့ ပြောပါတယ်။
လတ်တလော မုန်တိုင်းရှောင် ပြည်သူတွေဟာ လပွတ္တာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၃၀ နီးပါးမှာ ယာယီခိုလုံနေကြပြီး တချို့ကတော့ မြောင်းမြမြို့ပေါ်ကို တိမ်းရှောင် နေသူတွေလည်း ရှိပါတယ်။
ဧရာဝတီတိုင်းကို မုန်တိုင်းတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းတဲ့သတင်းထွက်ပေါ်ပြီးနောက်မှာ စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့က မုန်တိုင်းမဝင်ရောက်နိုင်ဖို့ ပုသိမ်မြို့ရွှေမုဌောစေတီမှာ ကန်တော့ပွဲပေးတာ ပရိတ်ရွတ်တာ တွေပြုလုပ်နေပြီး မော်တင်စွန်းပင်လယ်ပြင်မှာ နဂါးစာကျွေးတာကို မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေပြီး နောက် ၁၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကာ မေလ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
မုန်းတိုင်းဘေးကြိုတင် သတိပေးချက်တွေကို စစ်ကောင်စီက မီဒီယာတွေကြေညာနေတာ ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မုန်းတိုင်းဘေးအန္တရာယ် အသိပေး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့နယ် လပွတ္တာ မြို့နယ်အပါအဝင် ဧရာဝတီတိုင်းမှာ ပြည်သူ ၁ သိန်းကျော် သေဆုံးခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကိုင်းသောင်ရွာမှာ စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးက ငါးဖမ်းလှေတွေဆီကနေ တစီးကို ကျပ် ၁ သိန်းစီတောင်းခံ ဆက်ကြေးတောင်းနေသလို စစ်ကောင်စီကင်းစခန်းကလည်း ငါး၊ ပုစွန်တွေ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးအသစ် ခန့်လိုက်ပြီးတာနဲ့ ဒီလိုတွေ လုပ်တာပဲ။ တခြားရွာတွေမှာ မကောက်ဘူး။ ပြောရရင် ရွာသားက သင်ပေးတာပေါ့။ အရင်ခေတ်ကလည်း ရွာမှာ အဲလိုရှိခဲ့ဖူးတာကိုး။ ရွာက ငါးဖမ်းလှေတွေကို အစည်းအဝေးခေါ်ပြီးပြောတာ။ ရွာမှာက ကမ်းနီးထွက်နေတဲ့ ငါးဖမ်းလှေ ၁၀၀ ကျော်ရှိတယ်” လို့ ပြောပါတယ်။
ဧည့်စာရင်းတိုင်တဲ့အခါမှာလည်း ကျပ် ၁၀၀၀ စီပေးရပြီး ထောက်ခံစာတွေ ယူတဲ့အခါမှာတော့ ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ အထိပေးရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ဧည့်စာရင်းကို ရွာအဝင်က ရေကင်း(စစ်တပ်)မှာလည်း တိုင်ရပြီး အဲဒီရေကင်းဟာ ငါးဖမ်းလှေတွေဆီကကနေ နေ့တိုင်း ငါး၊ ပုစွန်တွေ တောင်းခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေကင်းမှာ မော်တော်အဝင်အထွက် တုံးထုရတယ်။ ပြန်ဝင်လာရင် ငါးဟင်းစား ပေးရတယ်။ နေ့ဘက်ဆိုရင် စစ်သားတယောက်က ရေခဲပုံးနဲ့ ရွာမှာ လာလာသယ်တယ်။ ငါးခြောက်ဆို သူတို့ဆီမှာ အိတ်လိုက်ပဲ။ မြို့တင်ပြီးရောင်းလား၊ သူတို့အိမ်ပဲ ပို့ပေးတာလားတော့ မသိဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မုန်တိုင်းရှိတဲ့အခါ အနီးနားက ကျေးရွာကလှေတွေ ရွာမှာလာကပ်ရင်လည်း ရေကင်းကိုရော၊ ရွာအုပ်ချုပ်ရေးမှူးကိုပါ ငွေပေးရတယ်လို့ ရွာသားတွေထံက သိရပါတယ်။