close

လပွတ္တာမြို့

close

May 11, 2023

လပွတ္တာမြို့မှ ပြည်သူ ၁,၀၀၀ ကျော် မြောင်းမြမြို့ပေါ်သို့ မုန်တိုင်းဘေးရှောင်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ပေါ်ကို ပြည်သူ ၁,၀၀၀ ကျော် မုန်တိုင်းဘေးကနေ လာရောက်တိမ်းရှောင်နေကြပါတယ်။

လပွတ္တာမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ မြောင်းမြမြို့ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းရှောင် ခိုလှုံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “လပွတ္တာမြို့နယ်ထဲက ရွာတွေက မြောင်းမြမြို့ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ မုန်တိုင်းရှောင်ဖို့ နေကြတယ်။ မုန်တိုင်းရှောင်အဖွဲ့တွေက ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက ရောက်နေကြတာ။ တရက်ထက်တရက် ပိုပိုတိုးလာတယ်” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်မှာပါဝင်တဲ့ အောင်လှိုင်၊ ဘီတွတ်၊ သစ်ပုတ်၊ ပြင်စလူ‌၊ ‌လေယာဉ်ကွင်း၊ စစ်ကွဲ စတဲ့ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ ဘာသာရေး အဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းလာရောက် ရှောင်တိမ်းနေကြတာပါ။

မုန်တိုင်းရှောင်ပြည်သူတွေကို ကူညီပေးနေသူ ဒေသခံတဦးက “လပွတ္တာမြို့နယ် ကျေးရွာတွေက မုန်တိုင်းရှောင်တွေ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ၊ တန်ဆောင်းတွေမှာ နေကြတယ်။ အခုလက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်းတွေကလည်း မုန်တိုင်းရှောင်ပြည်သူတွေကို ထမင်းကျွေးတာရှိတယ်။ တချို့ကျောင်းတွေမှာကြတော့လည်း မုန်တိုင်းရှောင်ပြည်သူတွေ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်တာရှိတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ထမင်းဟင်း ဝိုင်းဝန်းပံ့ပိုးပေးတာရှိတယ်” လို့ ပြောပါတယ်။

မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှုတွေလုပ်တာ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ ဦးဆောင်ပြီး လောကီအစီအရင်တွေလုပ်တာ၊ ပင်လယ်ပြင်မှာ နဂါးစာကျွေးတာတွေ ပြုလုပ်နေတာကို စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့နယ်နဲ့ လပွတ္တာမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းမှာ မုန်တိုင်းကြောင့် ပြည်သူ တသိန်းကျော် သေဆုံးခဲ့ပါတယ်။

3 mins Ago

May 17, 2022

လပွတ္တာမြို့တွင် စစ်ကောင်စီတပ်က တပတ် ၁၅ သိန်းယူပြီး လောင်းကစားဝိုင်းများခွင့်ပြုထား

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့မှာ စစ်ကောင်စီက ရန်ပုံငွေရှာတဲ့အနေနဲ့ လောင်းကစားဝိုင်းတွေကို တပတ် ၁၅ သိန်းယူကာ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကအရာရှိတွေက နယ်မြေခံလုံခြုံရေးတပ်တွေအတွက် ရန်ပုံငွေရအောင်လို့ ခုလိုမျိုး ကျေးရွာတွေဘက်မှာ လောင်းကစားဝိုင်းတွေကို ၁ ပတ် ၁၅ သိန်း ရယူကာ ခွင့်ပြုပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“အဓိကလုပ်တာက ကျေးရွာတွေဘက်မှာလုပ်တာများတယ်။ အရင်ကဆို ရဲတွေကို လိုင်းကြေးပေးလုပ်တာ၊ ဒါပေမယ့် အဲ့တုန်းက ဖမ်းတာရှိတယ်။ ခုတော့ စစ်တပ်က အရာရှိတွေကို ပေးပြီးလုပ်နေတာ စစ်တပ်က လုံခြုံရေးပြန်ပေးတယ်၊ ဖမ်းမယ့်သူမရှိတော့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီရန်ပုံငွေအတွက် အပတ်စဉ်လိုင်းကြေးပေးပြီး ဖွင့်လှစ်တဲ့ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ လုံခြုံရေးစောင့်ပြီး လပွတ္တာလုတ်ကျေးရွာမှာ အများဆုံးလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးမလုပ်အောင် ဧရာဝတီတိုင်း မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေ အများဆုံးဖွင့်လှစ်ခွင့်ပေးထားပြီး နောက်ဆက်တွဲအနေနဲ့ ဒေသခံတွေ ရဲ့ လယ်ယာလုပ်ငန်းတွေမှာ အသုံးပြုရတဲ့ ကျွဲ၊ နွားတွေနဲ့ မြို့ပေါ်မှာ ဆိုင်ကယ်ပျောက်တာတွေ များလာတယ်လို့ သိရပါတယ်။

12 months Ago
Up