ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ပိန္နဲကုန်းကျေးရွာ လိမ္မော်ချောင်း ၄ ခွဆုံမှာ မုန်တိုင်းရှောင်တွေလိုက်ပါလာတဲ့ ငါးဖမ်းစက်လှေနဲ့ ခရီးသည်တင်စက်လှေတို့ မေ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ တိုက်မိပြီး နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငါးဖမ်းစက်လှေပေါ်မှာက အားလုံး ၇၀ လောက်ပါတယ်၊ အဲ့တာကို လိုင်းစက်လှေက ဝင်တိုက်တာ၊ ကံကောင်းတာက လူတွေတော့ ဘာမှမဖြစ်သွားဘူး၊ စက်လှေတော့ မြုပ်သွားတယ်” လို့ ဒေသခံတဦးက DVB ကိုပြောပါတယ်။
ငါးဖမ်းစက်လှေပေါ်မှာ မုန်တိုင်းရှောင်ဖို့ လိုက်ပါလာတဲ့သူတွေဟာ ဝါးတောကျေးရွာကနေ လပွတ္တာမြို့ကို ထွက်ခွာလာချိန် ပိန္နဲကုန်းကျေးရွာကနေ ခရီးသည် ၆ ဦးတင်ဆောင်ပြီး ထွက်ခွာလာတဲ့ “သိန်းသန်းကြွယ်” လှေနဲ့တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ငါးဖမ်းစက်လှေကို တိုက်မိပြီးနောက်ပိုင်း သိန်းသန်းကြွယ်စက်လှေဟာ နစ်မြုပ်ခဲ့တာကြောင့် လူသေဆုံးတာ မရှိပေမယ့် ကုန်ပစ္စည်းတွေတော့ ဆုံးရှုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မုန်တိုင်းရှောင်ပြည်သူတွေကို ဘေးလွတ်ရာကို ပို့ဆောင်ပေးထားပြီး ရေယာဉ်မောင်း ၂ ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ချဲဂဏန်းပေးတယ်ဆိုပြီး လိမ်လည်လုပ်ကိုင်နေကြသူ ၃၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်စာမျက်နှာဖွင့်ပြီး ၂ လုံး၊ ၃ လုံးဂဏန်းတွေ ခန့်မှန်း ရောင်းစားနေကြသူတွေကို ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က စာရင်းနဲ့ လာရောက်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “၃ ရက်နေ့ကတည်းကဖမ်းတာ။ ပိုးလောင်ရွာနဲ့ အောင်လှိုင်ရွာကလူတွေ။ အဲဒီတုန်းက ၁၅ ယောက်လောက် ဖမ်းသွားတယ်။ နောက်ထပ်ဖမ်းတာ အယောက် ၂၀ လောက် ရှိတယ်။ ပိုးလောင်က အများဆုံးပါတယ်။ သူတို့က တပ်ကို တပတ် ငါးသောင်း၊ တသိန်း ပေးထားတာ။ ခုက တိုင်းကနေ လာဖမ်းတာလို့တော့ ကြားတယ်” လို့ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို လပွတ္တာမြို့၊ သာသနာ့ဗိမာန်မှာဖွင့်ထားတဲ့ စစ်ကြောရေးစခန်းမှာ ထားတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတယောက်က “အဲလို ဂဏန်းပေးကြတဲ့သူတွေ တော်တော်များတယ်။ အတိအကျတော့ မပြောတတ်ဘူး။ သူတို့က 2D 3D page ထောင်တယ်။ Boost (ကြော်ငြာ)တယ်။ ပြီးတော့ 2D ဆို တပတ်စာကို ဘယ်ဈေး၊ 3D ဆိုလည်း ထွက်မယ့်ရက်ကို ဘယ်ဈေးပေါ့။ ကွန်ပျူတာဆိုင်တွေမှာ ပုံတွေ ဖြတ်ကပ်ပြီး၊ ပိုက်ဆံအပုံလိုက်ချပြပြီး ထိုင်းက ဂဏန်းဝယ်ထားတာ ပေါက်စေချင်လို့ ဘယ်ဈေးပေါ့၊ အဲဒီလိုမျိုး လိမ်ကြတာ။ သူတို့ပေးတဲ့ဂဏန်းကလည်း တကြိမ်မဟုတ် တကြိမ် တူကြတာဆိုတော့ ယုံတဲ့သူတွေလည်း ရှိတာပေါ့” လို့ ပြောပါတယ်။
အဲဒီ ၂ လုံးနဲ့ ချဲဂဏန်းတွေကို ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိနဲ့ ရောင်းစားကြသလို ဂဏန်းပေးမယ်ဆိုပြီး လိမ်ညာကြတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အစကတည်းက ရဲကို ငွေပေးပြီး လုပ်စားနေကြသူတွေရှိတာကြောင့် အခုတော့ စာရင်းအတိအကျနဲ့ လာဖမ်းတာဖြစ်ပြီး မနေ့က စာရင်းပါသူတယောက်ကို မတွေ့လို့ သူ့မိန်းမကို ဖမ်းသွားကာ အခုတော့ အဲဒီလူကလာအဖမ်းခံလို့ မိန်းမကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။