close

လမိုင်းနှင့် သောင်ပြင်

close

January 28, 2023

လမိုင်းနှင့် သောင်ပြင်ကြား တံတား ဖျက်ဆီးခံရ၊ ပေါက်ကွဲမှုကြောင့် ကျိုက်မရောက ကလေး ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းနဲ့ သောင်ပြင်ကြား ကျေးရွာချင်းဆက်တံတား တစင်း ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ   ၂ နာရီ ၄၀ မိနစ်လောက် မိုင်းဆွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားအစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့ပေမဲ့ ဆိုင်ကယ်လောက်တော့ သွားလို့ရနိုင်ပြီး တန်ချိန်များတဲ့ ကုန်ကားကြီးတွေ သွားလာမရတော့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

ဒေသခံတဦးက  “စစ်ကားတွေဟာ မော့ကနင်ရွာသစ်ကနေ လမိုင်း၊ သောင်ပြင်၊ တောင်ဘုံနဲ့ အာယုတောင် ကျေးရွာဘက် ကားလမ်းကို သွားလာကြတယ်။ ချုံခိုတိုက်ခိုက်တာခံရတာ များတာကြောင့် ရေး-သံဖြူဇရပ်ကားလမ်းက နှင်းစုံဘက်က အခုနောက်ပိုင်း မသွားတော့ဘဲ အခု လမိုင်း သောင်ပြင်လမ်းကို သွားလာတော့ တံတားပါ  ဖျက်ဆီးခံရတယ်” လို့ ပြောပါတယ်။

အဲဒီ ရွာချင်းဆက်တံတားကို ရွာပေါင်း ၆ ရွာလောက်ဟာ သုံးနေတာဖြစ်ပြီး စစ်တပ်က ရေးဘက်ကို အဓိကသွားလာနေတဲ့ လမ်းတံတားလည်း ဖြစ်လာပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာအရှေ့စုမှာ ဇန်နဝါရီ ၂၆ ရက် ညနေဘက်က ကလေး ၃ ယောက် ပစ္စည်းတခုကို ထုခွဲရာက ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “၃ ယောက်လုံးက မိသားစုဝင်တွေပဲ။ ပလတ်စတစ်ကော်ဘူး ကောက်ရင်း အဲဒါကို နေအိမ်ကို ယူလာတာ။ အိမ်ရောက်တော့ ထုကြည့်လိုက်တာက မတော်တဆ ပေါက်ကွဲခဲ့ တာ” လို့ ပြောပါတယ်။

ပေါက်ကွဲ ဒဏ်ရာရခဲ့တဲ့ ကလေးတွေကို ကျိုက်မရောဆေးရုံကတဆင့် မော်လမြိုင်ဆေးရုံကို လွှဲပြောင်းခဲ့တယ်လို့  လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

2 hours Ago
Up