close

လမိုင်း

close

January 15, 2023

လမိုင်းတွင် စစ်မှုထမ်းဟောင်းတဦး ဖမ်းဆီးစစ်ဆေးစဉ် သေနတ်ဝင်လုသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းတည့် ၁၂ ခွဲနာရီလောက်က စစ်မှုထမ်းဟောင်းတဦး ဖမ်းဆီးစစ်ဆေးစဉ် သေနတ်ဝင်လုတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ ဗိုလ်ကျန်ရစ်က ဒီဗွီဘီကို ပြောပါတယ်။

လမိုင်းအခြေစိုက် စစ်ကောင်စီ ခြေလျပ်တပ်ရင်း ခလရ (၁၀၆) အနီးနေ စစ်မှုထမ်းဟောင်း ဦးရခိုင်ဟာ စစ်တပ် သတင်းပေးဒလန်အဖြစ် ဆောင်ရွက်နေကြောင်း ပြည်သူတွေ တိုင်ကြားလာတာကြောင့် ရေးပြောက်ကျားတပ်ဖွဲ့က နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးလာတဲ့ စစ်မှုထမ်းဟောင်း ဦးရခိုင်ကို လမ်းခုလတ် နေရာတခုမှာ စစ်ဆေးမေးမြန်းနေစဉ် တပ်ဖွဲ့ဝင်တဦးဆီကနေ သေနတ်ဝင်လုသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။

“စစ်မှုထမ်းဟောင်း ဦးရခိုင်က သတင်းပေး ဆောင်ရွက်တာရယ်၊ ပြီးတော့ သူမှာ သေနတ်တွေပါ ရှိနေတယ်လို့ ပြည်သူတွေ တိုင်လာလို့ သွားဖမ်းခဲ့တာ၊ စစ်ဆေးတော့လည်း သေနတ်လုပြီး ခုခံဖို့ လုပ်လို့ ရှင်းလင်းလိုက်တာ” လို့ ဗိုလ်ကျန်ရစ်က ပြောပါတယ်။

စစ်မှုထမ်းဟောင်း ဦးရခိုင်ဆီကနေ လက်လုပ်သေနတ်တလက်၊ လက်ထိတ်တခု၊ ဓားတို တချောင်း၊ ဓါးရှည် တချောင်း သိမ်ဆည်းရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီ ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့သလို ဇန်နဝါရီ ၉ ရက်နေ့ကလည်း စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့ဝင် ရဲအုပ်ညီညီဝင်းကို ပစ်ခတ်ရှင်းလင်းထားပါတယ်။

1 min Ago

August 1, 2022

လမိုင်းတွင် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် လူငယ်တဦး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်  လမိုင်းမြို့မှာ ဇူလိုင် ၃၁ ရက် ည ၁၀ နာရီလောက်က လူငယ်တဦးကို  ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့်  သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် ကိုလင်းအောင်ဆိုသူဟာ ပရဟိတရုံးကအပြန် အိမ်နား မရောက်ခင် လမိုင်းနောင်တော်ကြီးစေတီနားအရောက် လှည့်ကင်းအဖွဲ့နဲ့တွေ့ပြီး ပစ်ခတ်ခံရတာလို့ ဒေသခံ တဦးက ပြောပါတယ်။ 

“လမိုင်းနောင်တော်ကြီးစေတီနား သေသူရဲ့ အိမ်နားမှာဖြစ်တယ်။ သေနတ်သံကြားတော့ လူတွေ ထကြည့်ချိန်မှာ ရဲတွေ ကားပေါ်တင်သွားတယ်။”

ဩဂုတ် ၁ ရက်မှာတော့ လူငယ်တဦး ရဲစခန်းနား ချဉ်းကပ်လာတာကြောင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောတယ်လို့  ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူက “နောင်တော်ကြီးစေတီအရှေ့ဘက်မှာ သူငယ်ချင်းတွေက စိုးရိမ်ပြီးလိုက်ကြည့်တော့ သွေးစက်တွေ့တယ်။ ဖိနပ်ဆိုင်ကယ်ကျန်ခဲ့ပြီး လူကို မတွေ့ဘူး။ နောက်ဆုံးရဲစခန်းနားမှာ သွားတွေ့တော့ ဝမ်းဗိုက်ဒဏ်ရာ တချက်နဲ့ လည်ပင်းမှာ ထိုးသွင်း ဒဏ်ရာ တချက်နဲ့တွေ့တယ်။ မနက်မိုးလင်း ရဲစခန်းက အလောင်းထုတ်ပေးမှ သေဆုံးတာသိရတယ်” လို့ ပြောပါတယ်။

လမိုင်းရဲစခန်းက သူတို့ ဝင်းနားကပ်လာလို့ ပစ်တာ ပြောဆိုနေပေမဲ့ ရေးမြောက်ပိုင်းဒေသတွေမှာ  အခုလိုဖြစ်စဉ်မျိုး ငါးကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။

ကိုလင်းအောင်မှာ လမိုင်းမြို့ လမိုင်းပရဟိတလူငယ်များအဖွဲ့ဝင်တဦးဖြစ်ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့  ဝမ်းနည်းကြောင်းနဲ့ ဖြစ်ရပ်အပေါ် သံသယရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့  ရဲတပ်ဖွဲ့ကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

6 months Ago
Up