close

လမ်းပိတ်

close

October 27, 2022

စစ်တပ်က လမ်းပိတ်ထားသဖြင့် စစ်တွေအဝေးသင်တက္ကသိုလ်ကျောင်းသားများ အိမ်ပြန်ရန် အခက်ကြုံ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေ အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် စစ်တွေအဝေးသင်တက္ကသိုလ်စာမေးပွဲ ဖြေဆိုပြီးကြတဲ့ ကျောင်းသား ကျောင်းသူတွေ အိမ်ပြန်ဖို့ အခက်တွေ့နေကြတယ်လို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

ပေါက်တောမြို့နယ်မှ ကျောင်းသားတယောက်က “လမ်းတွေပိတ်ထားပြီး အစစ်အဆေးတွေ များနေတယ်ဆိုတော့လေ စစ်တွေမှာပဲ ခေတ္တနေရမယ်ထင်ပါတယ်။ ပြန်ရင်တော့ ရပါတယ်။ စစ်တွေက ပုဏ္ဏားကျွန်းကို ကားနဲ့သွားပြီး ပေါက်တောဘက်က စက်လှေတွေကို ခေါ်လာခိုင်းရင်တော့ ရပါတယ်။ ရေလမ်းက လှိုင်းတွေထန်တော့ အန္တရာယ်များပါတယ်။ စာမေးပွဲပြီးတော့ မိမိနေအိမ်ကို ပြန်ချင်ကြတာပေါ့။ ကျနော်တို့ စိတ်ရင်းနဲ့ပြောရရင် လမ်းတွေကိုလည်း ဖွင့်ပေးစေချင်တယ်။ အခက်အခဲတွေက အများကြီးပါ။ ဒါပေမဲ့ အခြေအနေတွေကြည့်ပြီး အိမ်ပြန်ဖို့ စီစဥ်ထားကြတယ်။ လမ်းအခြေအနေ မကောင်းရင်လည်း စစ်တွေမှာ သင်တန်းတွေတက်ပြီးတော့ ဆက်နေထိုင်သွားဖို့ စဥ်းစားထားပါတယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့နယ်ကနေ စစ်တွေမြို့ကို သွားလာနေကြတဲ့ စက်‌‌လှေတွေကို အောက်တိုဘာ ၂၀ ရက်ကစပြီး စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တာကြောင့် ရွှေပြည်တန် အမြန်ရေယာဥ်တွေနဲ့ လှိုင်းဘုတ်တွေပါ ပိတ်ထားတာ ဖြစ်ပါတယ်။

စစ်တွေအဝေးသင်တက္ကသိုလ် မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာ ၂ ခု အောက်တိုဘာ ၁၈ ရက်နေ့က စာမေးပွဲ စတင်ဖြေဆိုခဲ့ရပြီး အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာ စာမေးပွဲ ဖြေဆိုပြီးစီးခဲ့ပါတယ်။

မောင်တောမြို့နယ် အဝေးသင်တက္ကသိုလ်ကျောင်းသူတယောက်က “တက္ကသိုလ်ဆရာ ဆရာမတွေက ပါမောက္ခတွေနဲ့ ဆွေးနွေးပြီး စီစဥ်ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ အချိန်တော့ ကြာနိုင်ပါတယ်။ ဒီလိုကုန်စျေးနှုန်းနဲ့ နောက်ထပ် တရက်၊ နှစ်ရက် ဆက်နေဖို့ဆိုတာ မလွယ်ပါ။ သွားမယ်ဆိုရင်လည်း မိမိအစီအစဥ်နဲ့ သွားရမယ်ထင်ပါတယ်။ လမ်းမှာ အန္တရာယ်ကြုံရင်လည်း ကိုယ့်ဟာနဲ့ကိုယ်ခံပေါ့။ သူတို့ဘက်ကတော့ မော်တော်လှေတွေမှာ လုံခြုံရေးထည့်ပေးမယ်လို့ ပြောတယ်။ လုံခြုံရေးပါလာရင် ဘယ်သူမှ မသွားဝံ့ကြပါဘူး။ အခုတော့ ကျောင်းသူ ကျောင်းသားတွေ အားလုံးပေါင်းပြီး မော်တော်လှေတွေငှားပြီး သွားကြဖို့တော့ စီစဥ်ထားတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က အဝေးသင်တက္ကသိုလ် ပထမအသုတ်စာမေးပွဲအပြီး  မောင်တောနဲ့ ဘူးသီးတောင်ကို ပြန်လာကြတဲ့ ကျောင်းသားတွေရဲ့ စက်လှေတွေကို ရသေ့တောင် ‌ရေစိုးချောင်းဗျူဟာက လက်နက်ကြီးပစ်ခတ်တာ၊ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ ကျောင်းသူ ကျောင်းသားတွေ တင်ဆောင်လာတဲ့ မော်တော်ဘုတ် ၆ စီး ရှေ့မသွားရဲဘဲ ကျွန်းတကျွန်းမှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။

8 mins Ago

October 2, 2022

မောင်တော-ဘူးသီးတောင်-ရသေ့တောင် လမ်းပိတ်ထားသဖြင့် စစ်တွေတက္ကသိုလ်စာမေးပွဲ ဖြေပြီးသူများ နေပြန်ရန် အခက်တွေ့

ရခိုင်ပြည်နယ်က မောင်တော-ဘူးသီးတောင်-ရသေ့တောင်မြို့နယ်ကို သွားလာတဲ့ ကုန်းလမ်း-ရေလမ်းတွေကို စစ်ကောင်စီက အချိန်အကန့်အသတ်မရှိ ပိတ်ထားတာကြောင့် စစ်တွေအဝေးသင် တက္ကသိုလ်စာမေးပွဲဖြေဆိုပြီးကြတဲ့ ကျောင်းသူ/ကျောင်းသားတွေ နေရပ်ပြန်ဖို့ အခက်တွေ့နေကြပါတယ်။

အဝေးသင်စာမေးပွဲဖြေဆိုပြီးတဲ့ မောင်တောမြို့နယ်နေ ကျောင်းသားတဦးက ‌”ကျနော်တို့အတွက် အလွန်အခဲရှိနေပါတယ်။ ဘယ်လိုပြန်ရမလဲ မသိတော့ဘူး။ အိမ်က မိသား စုတွေလည်း စိုးရိမ်နေကြတယ်။ စစ်တွေမှာ ဆက်နေဖို့ကလည်း ငွေကြေးက မတတ်နိုင်တော့ဘူးလေ။ စားစရိတ်နေစရိတ်တွေ စျေးကြီးပါတယ်" လို့ ပြောပါတယ်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေက  စာမေးပွဲဖြေဆိုပြီးတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ အိမ်ပြန်နိုင်ရေး စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂက အောက်တိုဘာ ၂ ရက်  နေ့လယ်ပိုင်းမှာ အစည်းအဝေးလုပ်ပြီး သက်ဆိုင်ရာကို တင်ပြသွားမယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"အန္တရာယ်ကင်းစွာနဲ့ အိမ်ပြန်နိုင်ကြဖို့ သက်ဆိုင်ရာအာဏာပိုင်တွေ နဲ့ အစိုးရအဖွဲအထိ တင်ပြ သွားကြဖို့ ရှိပါတယ်။ သူတို့ ဘယ်လို ခွင့်ပြုပေးမလဲတော့ မသိဘူး။ ကြိုးစားသွားမှာပါ။”

လက်ရှိ စစ်တွေတက္ကသိုလ်တက်ရောက်ခဲ့ကြတဲ့ အဝေးသင်ဒုတိယအသုတ် ကျောင်းသား၊ ကျောင်းသူတွေထဲက အောက်တိုဘာ ၁ ရက်မှာ ပထဝီ၊ အင်္ဂလိပ်စာ၊ စိတ်ပညာ၊ ဥပဒေ စတဲ့ မေဂျာများ စာမေး ပွဲဖြေဆိုပြီးခဲ့ကြတာပါ။

မြန်မာစာမေဂျာ နဲ့ သမိုင်းမေဂျာ ၂ ခု ကတော့ အောက်တိုဘာ ၁၈ ရက်မှာ စာမေးပွဲ ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေ စတင်လာချိန်ကစပြီး မောင်တော-အငူမော်လမ်း-စစ်‌တွေလမ်းကို သြဂုတ် ၁၄ ရက်ကစလို့ အကန့်အသတ် မရှိ ပိတ်ထားသလို စက်တင်ဘာ ၁၅ ရက်မှာတော့ ဘူးသီတောင်-ရသေ့တောင်-စစ်‌တွေမြို့တွေကို  ကုန်းလမ်းရော၊ ရေလမ်းပါ ခရီးစဉ် ပြေးဆွဲခြင်းအား ရပ်တန့်ထားတာဖြစ်ပါတယ်။

4 weeks Ago
Up