close

လမ်းပေါ် လဲကျသေဆုံး

close

July 21, 2021

မြို့တော် ဘန်ကောက်တွင် တနေ့တည်း လူ ၃ ဦး လမ်းပေါ် လဲကျသေဆုံး

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရတဲ့လူနာတွေ နေ့စဉ် ၁၀,၀၀၀ အထက်မှာရှိနေပြီး ဘန်ကောက်မြို့လည်ခေါင်မှာ လမ်းသွားရင်း လဲကျသေဆုံးသူတွေလည်း ရှိလာပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့မှာဆိုရင် တစ်နေ့တည်း လဲကျသေဆုံးသူ ၃ ဦးရှိပြီး  အိမ်ကနေ လူနာတင်ကားစောင့်ရင်းနဲ့ သေဆုံးသွားတဲ့သူလည်းရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပထမဖြစ်ရပ်မှာ ဘန်ကောက်ဖရနခွန်းနယ်မြေ (မြဘုရားအနီး) ဘန့်ဖန်းထုန်းလမ်းမပေါ်မှာ မနေ့ မနက် ၁၀ နာရီလောက်က အသက် ၅၉ နှစ်ရွယ်အမျိုးသား ၁ ဦး လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့်လဲကျမှန်းမသိလို့ ဘယ်သူမှအနားမကပ်ရဲဘဲ ရဲစခန်းနဲ့ ကယ်ဆယ်ရေးကားကို ဖုံး ဆက်ပေးခဲ့ပါတယ်၊ မွန်းလွဲ ၂ နာရီလောက်မှ ကယ်ဆယ်ရေးကား ရောက်လာပြီး အဲဒီမှပဲ သူ့ကို အောက်ဆီဂျင်နဲ့ ဂလူးဂိုစ့်ပေးပါတယ်။ ဒါပေမဲ့ ညနေ ၄ နာရီလောက်မှာ သေဆုံးပြီး ကယ်ဆယ်ရေးအဖွဲ့က အလောင်းကို အဝတ်ဖြူလွှားထားကာ လမ်းထဲမှာ ကိုဗစ် လူနာရှိလို့ ဝင်ထွက်ခွင့်မရှိကြောင်း လမ်းထိပ်မှာ စာရေးကပ်ထားပါတယ်။

သူ့အလောင်းကိုတော့ လမ်းပေါ်ပစ်ထားပြီး  ည  ၁၁ နာရီလောက်မှ လာသယ်လို့ ရပ်ကွက်သူရပ်ကွက်သားတွေကြား စိုးရိမ်မှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

ဒုတိယဖြစ်စဉ်ကတော့ ရာ့ချ်ဒမ်နိုန်းလမ်း စာရေးကိရိယာဆိုင်ရှေ့ ပလက်ဖောင်းပေါ်မှာ အသက် ၅၀ ကျော်အမျိုးသား ၁ ယောက် လဲကျသေဆုံးနေပြီး ဘယ်ချိန်ကတည်းက ဘာကြောင့် သေဆုံးနေတာတော့ မသိပါဘူး။ လမ်းသွားလမ်းလာတွေက သက်ဆိုင်ရာကို အကြောင်းကြားပေမဲ့ ည ၁၀ နာရီလောက်မှာမှာ PPE ဝတ်စုံဝတ်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့က သူ့အလောင်းကို သယ်သွားကြပါတယ်။

တတိယဖြစ်ရပ်ကတော့ ဖရလမ်း  အမှတ် ၄ လမ်းမကြီး Lotus ကုန်တိုက်ကြီးရှေ့မှာ အသက် ၄၀ ဝန်းကျင် တီရှပ်အနက်ရောင်ဝတ် အမျိုးသား ၁ ဦး လဲကျနေတာပါ။ အဆိုပါလူ လဲ ကျနေကြောင်း ပတ်ဝန်းကျင်ကအကြောင်းကြားတဲ့အတွက် ထောင်းလော်နယ်မြေရဲတပ်ဖွဲ့က ည ၈ နာရီခွဲလောက်မှာ သွားရောက်စစ်ဆေးပြီး အောက်စီဂျင်တိုင်းကြည့်ရာမှာ လုံးဝကျဆင်းနေတာ တွေ့ရကြောင်း၊ သူ့ကို  swab  ယူပြီး သေဆုံးရတဲ့အကြောင်း စစ်ဆေးမယ်လို့ ဆိုပါတယ်။ 

အခုလို အလောင်းတွေကို ချက်ချင်းလာမသယ်လို့ ဝေဖန်နေတာနဲ့ပတ်သက်ပြီး ချနဆုနခလမ်းရဲစခန်း တာဝန်ရှိသူ ၁ ဦးကတော့ ရဲစခန်းအနေနဲ့ စစ်ဆေးဖို့တာဝန်သာရှိပြီး ကိုဗစ် ၁၉ လူနာနဲ့ အလောင်းတွေကို သယ်ဖို့ တာဝန်မရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် အဆိုပါ လူနာနဲ့ အလောင်းတွေကို PPE ဝတ်စုံပြည့် ကယ်ဆယ်ရေးအဖွဲ့တွေကသာ သယ်ခွင့်ရှိတယ်လို့ ဆိုပါတယ်၊  ကယ်ဆယ်ရေးအဖွဲ့ကလည်း သူတို့ဟာ နေရာအတော်များများက  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေကို အခေါက်ခေါက် သွားသယ်ပေးနေရလို့ နောက်ကျရကြောင်း ပြောပါတယ်။

နောက်ဖြစ်ရပ်တစ်ခုကတော့ အိမ်ကနေ ကယ်ဆယ်ရေးကားအလာကို စောင့်ဆိုင်းရင်း သေဆုံးသွားတာပါ။ ဘန်ကောက် ဘန်ခေါလဲမ်နယ်မြေ ကျရိန်းကွန်းလမ်းသွယ် ၁၀၇ ထဲက အိမ်တစ်အိမ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူလူနာရှိကြောင်း အကြောင်းကြားတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာတော့ လူနာ ၁ ဦး လာခေါ်တာကို စောင့်ဆိုင်းရင်း သေဆုံးသွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အဲဒီအိမ်မှာ နောက်ထပ်ကိုဗစ် ၁၉ လူနာ ၃ ဦး ရှိပါသေးတယ်။ အဆိုပါအိမ်မှာ မိသားစု ၆ ယောက်ရှိပြီး အိမ်ဦးစီးမှာ ဇူလိုင်  ၉ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လို့ ဆေးရုံကားက လာခေါ်သွားပြီ ဖြစ်ပါတယ်။ နောက်ရက်မှာ ကျန်တဲ့အိမ်သားတွေပါ စစ်ဆေးတွေ့ရှိပြီး ဇူလိုင်  ၁၆ ရက်နေ့က ၁ ဦး ဆုံးသွားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ၇၆ ခရိုင်လုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာရှိပြီး  ဒီကနေ့ ဇူလိုင်လ ၂၁  ရက် တွေ့ရှိချက်အရ  လူနာသစ် ၁၃၀၀၂ ဦး၊ အကျဉ်းထောင်ထဲမှာ ၁၀၄၉ ဦး၊ သေဆုံးသူ ၁၀၈ ဦး ရှိပါတယ်။ မနှစ်ကစ ဒီနေ့ထိ ကူးစက်ခံရသူပေါင်း ၄၃၉၄၇၇ ဦး သေဆုံးသူ ၃၆၁၀ ဦး သက်သာပျောက်ကင်းသူ ၃၀၄၄၅၆ ဦး ရှိပါတယ်။ 

ကိုးကား - Thairath/ Sanook   

59 seconds Ago
Up