close

လမ်းပြကြယ်

close

February 14, 2022

တော်လှန်မျိုးဆက်တို့ရဲ့ လမ်းပြကြယ် ပဒိုမန်းရှာလားဖန်း

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထက်ကရ ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကျဆုံးသွားခဲ့တာဟာ အခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုရင် နှစ်ပေါင်း   ၁၄ နှစ်တိုင်ရှိခဲ့ပြီဖြစ်ပေမဲ့  ကရင်အမျိုးသားတွေကတော့  အောက်မေ့တသ အမှတ်ရနေဆဲပါ။

စာရေးဆရာမလည်းဖြစ်၊ ကဗျာဆရာမလည်းဖြစ်တဲ့ ခိုင်မာကျော်ဇောကတော့  ပဒိုမန်းရှာလားဖန်းဟာ ဘယ်တော့မှမကြွေတဲ့ ကြယ်တစင်းအဖြစ် တင်စားပြီး  ကဗျာတပုဒ် ရေးဖွဲ့ထားခဲ့တယ်။ 

“မန်းရှာ (သို့မဟုတ်) မကြွေတဲ့ ကြယ်”

ဖေဖော်ဝါရီ ၁၄ 

သွေးနဲ့ရေးတဲ့အက္ခရာ 

‘မန်းရှာ’ တဲ့။

တပွင့်ထဲထက် တခင်းလုံးကို ပွင့်စေချင်တာ ‘မန်းရှာ’

တမြစ်ထဲထက် မြစ်အားလုံးကို စီးစေချင်တာ ‘မန်းရှာ’

တပြည်ထဲထက် ပြည်ထောင်စုကို ငြိမ်းစေချင်တာ ‘မန်းရှာ’

‘အမျိုးသားရေး’ ‘တန်းတူရေး’  ‘ငြိမ်းချမ်းရေး’ ကို 

ရင်၀က သွေးနဲ့ရေးတာ ‘မန်းရှာ’

 ‘ရှာ’ ဆိုတဲ့ကြယ်ကြီးရေ...

နင် မကြွေဘူး

ဧရာ ပဲခူး အရှေ့ရိုးမ

ဒေါန သံလွင် ဇွဲကပင်မှာ 

ကြယ်ရောင်ဖြာဆမ်း လရောင်လွှမ်းရင်

‘မန်းရှာ’ လာပြီ ဆိုကြတယ်။ 

ခိုင်မာကျော်ဇော

(ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တနေရာမှာ မသမာသူတွေက ဇာတ်တူသားစားကြတဲ့ အသွင်ဖန်တီးယူကာ နိုင်ငံရေးအရ ပဒိုမန်းရှာလားဖန်းကို အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။  

ဒါပေမဲ့ လုပ်ကြံသတ်ဖြတ်သူတွေ မသိခဲ့တာက ပဒိုမန်းရှာလားဖန်း ဆိုတာ လူသာ သေသွားခဲ့ပေမဲ့  နာမည်ဘယ်တော့မှ မသေတဲ့ ပုဂ္ဂိုလ်မျိုးဆိုတာပဲ။ သူဟာ ကရင်အမျိုးသားထုအတွက်သာမက တော်လှန်သောပြည်သူတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလားတဲ့ ပြည်သူတွေ၊ အမှန်တရားအတွက် ရပ်တည် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအားလုံးအတွက် ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်တဲ့ လမ်းပြကြယ်တစ်ပွင့်၊ မကြွေတဲ့ ကြယ်တစ်ပွင့်ဆိုတာပါပဲ။

ပဒိုမန်းရှာလားဖန်းကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် တောကျောင်းရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကနေ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီးနောက် ကရင့်တော်လှန်ရေးထဲသို့ ခြေစုံပစ်ဝင်ရောက်ခဲ့ပါတယ်။

ကရင့်တော်လှန်ရေးမှာ ပဒိုမန်းရှာလားဖန်းရဲ့ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ မယိမ်းမယိုင်တဲ့ နိုင်ငံရေးခံယူချက်တွေကြောင့် ကရင့်အမျိုးသားတွေနဲ့ မဟာမိတ်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လေးစားယုံကြည်မှုကို ရရှိထားသူလည်း ဖြစ်သလို မျိုးဆက်သစ် ကရင်လူငယ်မောင်မယ်တွေ အထူးအားကျခဲ့ရတဲ့ စံပြနိုင်ငံရေးသမားတဦးလည်း ဖြစ်ပါတယ်။

“မန်းရှာလိုခေါင်းဆောင်မျိုးက ရှိတော့ရှိတယ် ရှားတယ်။ လူသာသေတယ်၊ နာမည်မသေတဲ့ ခေါင်းဆောင်မျိုး ဖြစ်တယ်။ လူမသေပေမဲ့  နာမည်သေနေတဲ့ ခေါင်းဆောင်မျိုးထက်စာရင် သူ့လိုပုဂ္ဂိုလ်မျိုးက တကယ်လည်းရှားတယ်လို့ ပြောရမှာဖြစ်တယ်”လို့ ကရင့်နိုင်ငံရေးပါတီဝင် နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ပဒိုမန်းရှာကွယ်လွန်သွားပေမဲ့ သူ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းကနေ  ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်ရေး၊ ရိုးရာယဉ်ကျေးမှု စတဲ့ကဏ္ဍတွေမှာ တတ်ကြွစွာဆောင်ရွက်တဲ့ အသက် ၃၅ နှစ်အောက် လူငယ်တွေကို ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုတွေ နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်နေပါတယ်။

မျိုးဆက်သစ်ကျောင်းဆင်း ကရင်လူငယ်တဦးကတော့  “တီးမန်းရှာဆိုတာက အနာဂတ် ကရင့်နိုင်ငံရေးမှာ နိုင်ငံရေးအားကောင်းတဲ့ မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွန်းလာစေရေးအတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍက မရှိမဖြစ်လိုအပ်တာကို မြင်တဲ့အတွက် သူရှိစဉ်ကာလတွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့တဲ့သူ ဖြစ်တယ်”လို့ အမှတ်တရ ပြောပါတယ်။

နိုင်ငံရေးသမားပီပီ အပြောအဆို အနေအထိုင် တည်ကြည်တဲ့ ပဒိုမန်းရှာလားဖန်းကို ဟက်ဟက်ပက်ပက် ရယ်ရယ်မောမောပုံစုံမျိုးနဲ့ မြင်တွေ့ရတာ မရှိသလောက်ဘဲလို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။

ဒါပေမဲ့ ၂၀၀၆ ခုနှစ်လောက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က  ချင်းလူမျိုး ပါမောက္ခဒေါက်တာ ဆလိုင်းထွန်းသန်းကို နအဖစစ်အစိုးရက ပြည်ဝင်ခွင့်မပေးလို့ ဘန်ကောက်မှာ သောင်တင်နေရာ ကနေ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာခဲ့စဉ်က ပဒိုမန်းရှာ အပါအဝင် တော်လှန်ရေး ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံပြီး နိုင်ငံရေးအကြောင်းတွေ ပြောဆိုကြတယ်။ စကားဝိုင်းထဲမှာ ဆရာကြီးဆလိုင်း ပြောလိုက်တဲ့ ရယ်စရာစကားကြောင့် ပဒိုမန်းရှာ ခွက်ထိုးခွက်လန် ရယ်မောခဲ့တာ အမှတ်ရမိတယ်။

အဲဒီတုန်းက ပါမောက္ခဆလိုင်းထွန်းသန်းက “ရန်ကုန်မှာ လိုင်းကားစီးတော့ စပယ်ယာတွေ ပြောတဲ့စကားက အတော့်ကို ဘဝင်မကျဘူး။  အဲဒါကတော့ ခြင်းတွေ ကားပေါ်မတင်နဲ့ဆိုတဲ့ စကားပါ။  ဘဝင်မကျလည်း စီးရတာပါပဲ။ ကားထွက်ပြီး ခဏနေတော့ စပယ်ယာကနေ စကားတမျိုး ထပ်ပြောလိုက်တော့မှ စိတ်သက်သာရာရသွားတယ်။ စပယ်ယာ ပြောလိုက်တာက မိန်းကလေးတွေ ခြင်းတွေ ပေါင်ပေါ်တင်ထား၊ ပေါင်ပေါ်တင်ထား”လို့ ပြောလိုက်တာကြောင့် ပဒိုမန်းရှာလည်း ပတ်တုတ်မရအောင် ခွက်ထိုးခွက်လန်ရယ်မောခဲ့တာပါ။

ပဒိုမန်းရှာလားဖန်းဟာ အခုလိုမျိုး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်ရယ်မောမောပုံစံမျိုး တွေ့ရတာက ရှားရှားပါးပါးဖြစ်ပြီး အချိန်အများစုကတော့ တော်လှန်ရေးအတွက် ဘဝနဲ့ အချိန်တွေကို ပေးဆပ်ထားသူပါ။ တပ်ပေါင်းစုဆွေးနွေးပွဲတွေ အမှတ်တရ အခမ်းအနားတွေ၊ ဟောပြောပွဲတွေမှာလည်း ပဒိုမန်းရှာဟာ မပါမဖြစ် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သလို သတင်းမီဒီယာတွေမှာလည်း အမြဲလိုလို သူ့ရဲ့ အတွေးအမြင်တွေ သဘောထားတွေ တွေ့ဆုံမေးမြန်းခန်းတွေက အဆက်မပြတ် ကြားနေခဲ့ရတာပါ။ 

အဲဒီကာလတွေက ပဒိုမန်းရှာကို စစ်အာဏာရှင်တွေနဲ့ စစ်ထောက်လှမ်းရေးတွေနဲ့ အပေါင်းအပါတွေက လုပ်ကြံရတဲ့ထိတိုင်အောင် ဖြစ်ရတာကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မူဝါဒကို တသွေမတိမ်းလိုက်နာလို့ပဲ ဖြစ်တယ်။ သူက အဖွဲ့ရဲ့မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အထိအခိုက်မခံဘဲ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့တဲ့ ခေါင်းဆောင်ဖြစ်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

ကရင်တမျိုးသားလုံးရဲ့ ကံကြမ္မာနဲ့ အနာဂတ်ကို ဖျက်လိုဖျက်ဆီးလုပ်မယ့် လုပ်ရပ်တွေကို ပဒိုမန်းရှာက လုံးဝ လက်မခံဘဲ သူ သေသွားသည့်တိုင်အောင် ထိန်းသိမ်းကာကွယ်သွားတဲ့သူလည်း ဖြစ်တယ်။

ဒါကို စစ်အာဏာရှင်တွေကလည်း သိပါတယ်။ ပဒိုမန်းရှာလားဖန်း မရှိတော့မှသာ ကရင်အမျိုးသား အစည်းအရုံးက အဓိကကျတဲ့ ခေါင်းဆောင်တချို့ကို နည်းလမ်းပေါင်းစုံနဲ့ မက်လုံးတွေ ပေးပြီးတော့ ငြိမ်းချမ်းရေး အကြောင်းပြချက်တွေနဲ့ လုံးပါးပါးအောင်လုပ်လို့ရမယ်ဆိုတာပါပဲ။ ဒါကြောင့်  စစ်အုပ်စုဟာ ပဒိုမန်းရှာလားဖန်းကို  မသမာတဲ့နည်းလမ်း၊ အကြမ်းဖက်နည်းလမ်းနဲ့ နှုတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ဆေးမြီးတိုငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးကတော့ သူသာ ရှိခဲ့မယ်ဆိုရင် ဖြစ်လာနိုင်စရာ အကြောင်းကို မရှိပါဘူး။ အခုဖြစ်နေတဲ့ ကမောက်ကမ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက နိုင်ငံရေးသိက္ခာကြီးမားပြီး ပဒိုမန်းရှာလားဖန်းလို ချမှတ်ထားတဲ့ မူဝါဒအပေါ်  ရဲရဲဝံ့ဝံ့ရပ်တည်နိုင်ခြင်း မရှိလို့သာ  ဆိုရမှာ ဖြစ်ပါတယ်။

အသက် ၆၅ နှစ်အရွယ်မှာ ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကျဆုံးသွားခဲ့တာဟာ  ကရင်အမျိုးသားထု တရပ်လုံးအတွက်ရော တော်လှန်ရေးအတွက်ပါ အစားထိုးလို့မရတဲ့  ဆုံးရှုံးမှုကြီးတခု ဖြစ်ပါတယ်။ ခုလို နွေဦးတော်လှန်ရေးကာလမှာ သူသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးအတွက် ခွန်အားတခုဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်။ 

သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့  သူ့ဇာတိကျေးရွာမှာ ရုပ်တုစိုက်ထူကာ အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအရတော့ အခုနှစ်မှာ  ကျင်းပနိုင်မယ့် အနေအထားမရှိဘူးလို့  တောကျောင်းရွာသားတွေက ပြောပါတယ်။

ပဒိုမန်းရှာလားဖန်းကွယ်လွန်ခြင်းအထိမ်းအမှတ် သူ့ရဲ့အုတ်ဂူတည်ရှိရာ ဒေါနတောင်တန်းမှာတော့ အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားကို  နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ 

သူ့အတွက်အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားတွေ ကျင်းပနိုင်သည်ဖြစ်စေ မကျင်းပနိုင်သည်ဖြစ်စေ ပဒိုမန်းရှာလားဖန်းရဲ့ အတွေးအခေါ်တွေ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ ရပ်တည်ချက်တွေကတော့ ကရင်တိုင်းရင်းသားတွေ အပါအဝင် တော်လှန်သော လူငယ်မျိုးဆက်သစ်တွေရဲ့ ရင်ထဲ စိတ်ထဲမှာ လမ်းပြကြယ်တစ်စင်းအဖြစ် အစဉ်ထာဝရ ရှင်သန်နေမှာကတော့ အသေအချာပဲ ဖြစ်ပါတော့တယ်။    

ဒေါနဆည်းဆာ

1 min Ago
Up