close

လမ်းပြ

close

March 14, 2023

ဆွမ်ပရာဘွမ်မြို့နယ်၌ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှာ မတ်လ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး အမျိုးသားနှစ်ယောက်ကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ခင်ဒူယန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ အသက် ၄၀ လောက်အရွယ် ကျေးရွာ ဒေသခံ အမျိုးသားနှစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေပါတယ်။

ဒေသခံ အမျိုးသားတဦးက "မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းမှာ  မတ်လ ၁၂ ရက်နေ့ကတည်းက စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ။ ဒီနေ့ စစ်ကြောင်းက ကျနော်တို့ ခင်ဒူယန်ကို ရောက်လာပြီး  ကျေးရွာလူကြီး နှစ်ယောက်ကို လမ်းပြအဖြစ် ဖမ်းသွားတယ်။ မနက်ပိုင်းကတည်းက ဖမ်းသွားတာ ညအထိ ပြန်မရောက်လာဘူး။ မိသားစုကတော့ အတော်လေး စိုးရိမ်နေတယ် "လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား ဆွမ်ပရာဘွမ် လမ်းမကြီးမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့  ကချင်လွတ်မြောက်ရေးတပ် KIA တို့ မတ်လ ၁၂ ရက် ညပိုင်းက  ဆွတ်ခါးကျေးရွာအနီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မတ်လပိုင်းက စတင်ပြီး စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်အတွင်း  ဆွမ်ပီယန်ကျေးရွာ ဆူးယန်ကျေးရွာ၊ ခင်ဒူးယန်ကျေးရွာ၊ ဆွတ်ခါးကျေးရွာ၊ မိုင်ထောင်ကျေးရွာ အနီး စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမူတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဆွတ်ခါးကျေးရွာသူတဦးက "ဒီရက်ပိုင်း ကျမတို့ ကျေးရွာအနီးမှာ စစ်တပ်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေ မကြာခဏ လုပ်လာတယ်။ ဘာကြောင့်လုပ်လဲတော့မသိဘူး။ စစ်ကြောင်းထိုးလာရင် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးဝင်လာတော့ တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်ရတယ်" လို့ ပြောပါတယ်။

မြစ်ကြီးနား ဆွမ်ပရာဘွမ် ပူတာအိုလမ်းမကြီးမှာ မောင်းနှင်ကြတဲ့  မော်တော်ယာဉ်တွေအနေနဲ့  ကုန်ပစ္စည်းတွေကို မိုးကာ အကြည်နဲ့သာဖုံးအုပ်ထားဖို့၊ ခရီးသည်တင် မော်တော်ယဉ်တွေ မှန်ချမောင်းနှင်ဖို့နဲ့  ည ၆ နာရီမှ မနက် ၆ နာရီအတွင်း  မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့  မတ် ၁ ရက်  KPDF က ထုတ်ပြန်ထားပါတယ်။

2 mins Ago

June 17, 2022

ဗြိတိန်သတင်းထောက်နှင့်လမ်းပြဖြစ်သူကို သတ်ဖြတ်ခဲ့ဟု ဘရာဇီးနိုင်ငံသားနှစ်ဦး ဝန်ခံ

ဗြိတိန် သတင်းထောက် ဒွန်ဖီးလစ်ပ်စ် နဲ့ သူ့ရဲ့ ဘရာဇီးလ်လမ်းပြဖြစ်သူ တိုင်းရင်းသားရေးရာ ပညာရှင် ဘရူနို ပရေးရာတို့ ပျောက်ဆုံးမှုအတွက် သံသယရှိတဲ့ ဘရာဇီး နိုင်ငံသားတွေက သူတို့ ၂ ယောက်ကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို တစစီ ဖြတ်တောက်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဇွန် ၁၅ ရက် CNN သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေ့ အစောပိုင်းက သံသယရှိသူနှစ်ဦးအား သတင်းထောက်တွေ ပျောက်သွားတဲ့ မြစ်ဆီကို ရဲတွေက ခေါ်သွားခဲ့ပါတယ်။

လူသတ်မှုအတွက် သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထားပြီး ဖီးလစ်ပ်စ်နဲ့ ပရေးရာတို့ကို ရှာနေတုန်းပဲလို့ ပြည်ထောင်စုရဲတပ်ဖွဲ့က ဇွန် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သံသယရှိသူတွေရဲ့  ဝန်ခံချက်အပေါ် ရဲတပ်ဖွဲ့က မှတ်ချက်မပေးခဲ့ပါဘူး။ 

သံသယရှိသူတွေဟာ ပေလာဒိုလို့  လူသိများတဲ့ ငါးဖမ်းသမား အမာရေလိုဒါ ကို့စ်တာ နဲ့ အိုဆေနီဒါ ကို့စ်တာ တို့ပါ။

အမာရေလိုဒါဟာ အရင်အပတ်က လက်နက်မှုနဲ့ အဖမ်းခံခဲ့ရပြီး သူ့ကို ရဲတွေက လူပျောက်မှုမှာ ပါဝင်ပတ်သက်သလားဆိုတာ စစ်ဆေးနေတုန်း အိုဆေနီဒါကို ဇွန် ၁၄ ရက်ညမှာ ဖမ်းဆီး ခဲ့ပါတယ်။

သံသယရှိသူတွေရဲ့ မိသားစုက သူတို့ဟာ လူပျောက်အမှုနဲ့ မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။

“ဌာနေတိုင်းရင်းသား ကျွမ်းကျင်သူ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်လုပ်နေရတဲ့ အခြေအနေက အပူတပြင်းပါပဲ။ သူတို့ဟာ အလုပ်ပိ၊ တုန်လှုပ်၊ မောပန်းနွမ်းနယ် နေပြီး၊ ဌာနေတိုင်းရင်းသားတွေလိုပဲ အထောက်အပံ့တွေ အားလုံး လိုအပ်ပါတယ်” လို့ ပရေးရာ အလုပ်လုပ်ခဲ့တဲ့ အစိုးရ ဌာနေတိုင်းရင်းသားရေးရာအေဂျင်စီ FUNAI က ဌာနေတိုင်းရင်းသား ကျွမ်းကျင်သူ ပညာရှင် လီယိုပိုဒို ဘာဘိုဆာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

9 months Ago
Up