စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဖွင့်ပွဲလုပ်ဖို့ စီစဉ်ထားတဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့က လမ်းဖွင့်ပွဲဆိုင်းဘုတ်ကြီး ဖွင့်ပွဲမစခင် လေတိုက်တာကြောင့် ပြိုလဲကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “သူတို့ကဖွင့်ပွဲကို စစ်ကောင်စီဘက်က အကောင်ကြီးတွေ၊ စစ်အာဏာသိမ်းအစိုးရက လူတွေလာဖွင့်ဖို့ စီစဉ်ထားကြတာ၊ အခုတော့ သောက်ရှက်ကွဲတာပေါ့။ သူတို့မဖွင့်ခင်ကို သူတို့ ဆိုင်းဘုတ်ကြီးက ဒီနေ့ Silent Strike နေ့မှာ ပြိုလဲသွားတာ” လို့ ပြောပါတယ်။
ဒီလမ်းက ဒိုက်ဦးမြို့ မြို့မဈေးရှေ့ကလမ်းဖြစ်ပြီး လမ်းဟောင်းကို ထပ်ပိုးကတ္တရာခင်းတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီအရာရှိတွေ တက်ရောက်ဖွင့်လှစ်တဲ့ လမ်းဖွင့်ပွဲအခမ်းအနားနှစ်ခု ဗုန်းပေါက်ကွဲသံကြောင့် ဖွင့်ပွဲအစီစဉ် ပျက်သွားခဲ့ပါတယ်။
ဖွင့်ပွဲဟာ မုံရွာမြို့ မြဝတီရပ်ကွက်မှာရှိတဲ့ အောင်သပြေလမ်းနဲ့ သံလ္လာရပ်ကွက်မှာရှိတဲ့ ပေ ၈၀ လမ်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖဲကြိုးဖြတ်မကျင်းပခင်လေးမှာ ဗုန်းပေါက်ကွဲသံကြောင့် အခမ်းအနား အစီစဉ်ပျက်သွားခဲ့တာလို့ သိရပါတယ်။
“သူတို့ ဖွင့်ပွဲတောင် ပြီးအောင်မလုပ်လိုက်ရဘူး၊ အဲ့ဒီ အောင်သပြေလမ်းအနားမှာ ဗုန်းကထပေါက်တာ။ သူတို့ အရာရှိတွေလည်း ကားပေါ်ပြန်တက်ပြေးရတယ်ဆိုရမှာပဲဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဝရုန်းသုန်းကားဖြစ်ကုန်ကြတာ။ ဓာတ်တိုင်တစ်ခုလည်း ပျက်စီးသွားတယ်။ ဖွင့်ပွဲမလုပ်ခင်ကလည်း လမ်းတလျှောက် လုံခြုံရေးကင်းပုန်းတွေ အများကြီးချထားတာတွေရှိတယ်” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီဖွင့်ပွဲပြုလုပ်တဲ့ လမ်းနှစ်ခုဟာ ယခင်အစိုးရလက်ထက်ကတည်းက လမ်းခင်းပြီးစီးခဲ့တာဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖွင့်ပွဲပြုလုပ်တာဖြစ်ပါတယ်။
မုံရွာမြို့မှာတော့ မြို့ခံပြည်သူတွေအနေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို သွားတာတာမပြုလုပ်ကြဖို့နဲ့ အနီးကပ်မနေကြဖို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သတိပေးထားပါတယ်။