မြစ်ကြီးနားမြို့ လမ်းလျှောက်ာသင်္ကြန်ဗဟိုမဏ္ဍပ် လက်စသပ်ပြင်ဆင်နေတာကြောင့် ဒီနေ့ ညနေကစပြီး ဗဟိုမဏ္ဍပ်ဘက်ရောက်နိုင်တဲ့ လမ်းအားလုံးကို ပိတ်ထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။
"နေ့လယ် ထီးတွေဆင်နေတုန်းကတော့ ဖြတ်လို့ရသေးတယ်၊ ၁ နာရီ လောက်ထိလေ။ ညနေ ၃ နာရီလောက်ကျ ယာဥ်ထိန်းရဲတွေ၊ ရဲတွေ၊ စစ်သားတွေက အ-ထ-က ၁ နဲ့ အံတော်ရှင်ဘက်သွားတဲ့လမ်း အားလုံးကို ပိတ်လည်းပိတ် တင်းတင်းကြပ်ကြပ်စောင့်နေတာ။ လမ်းတိုင်းမှာ စစ်ကားတွေရှိတယ်။”
လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေကြတာဖြစ်ပြီး အထက ၁ ရှေ့နဲ့ အံတော်ရှင်ဘုရားရှေ့ မဏ္ဍပ်တွေကလွဲရင် မြစ်ကြီးနားမြို့ရဲ့ တခြားနေရာမှာ သင်္ကြန်အတွက်ပြင်ဆင်နေတဲ့ အရိပ်အယောင်တောင် မတွေ့ရဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ရွာတွေကိုမီးရှို့တာ၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေကြောင့် ပြည်သူတွေက စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ကို စိတ်မဝင်စားကြဘူးလို့ သိရပါတယ်။
နေပြည်တော်မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ လမ်းလျှောက်သင်္ကြန် စည်းကားစေဖို့အတွက် တချို့ ဝန်ကြီးတွေက ဝန်ထမ်းတွေကို နေရပ်ပြန်ခွင့်မပေးတာကြောင့် ကြိုတင်ဝယ်ထားတဲ့ ကားလက်မှတ် ဆုံးရှုံးမှုနေရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
"သင်္ကြန်ပိတ်ရက်မှာ အိမ်ပြန်ဖို့ဆိုပြီး ကားလက်မှတ် ကြိုဖြတ်ထားတာ ခုတော့ မပြန်ရတော့ဘူး ဆိုတော့ ကားလက်မှတ်ဖိုး ဆုံးပြီပေါ့" လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် နေပြည်တော် လမ်းလျှောက်သင်္ကြန်မှာ ဦးစီးဌာနတခုကို အလှည့်ကျစနစ်နဲ့ အင်အားအယောက် ၂၀ ပေးရမှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန် လာရောက်လည်ပတ်ကြမယ့်သူတွေကို ကျွေးမွေးဧည့်ခံ ပေးရမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကိုတော့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ မီးပွိုင့်နဲ့ သပြေကုန်းမီးပွိုင့်တွေကနေ စပြီး လမ်းလျှောက်သင်္ကြန်လာမယ့်သူတွေကို လုံခြုံရေးတင်းကြပ်စွာ စစ်ဆေးသွားမယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
နေပြည်တော်စည်ပင်ဧည့်ရိပ်သာ မီးပွိုင့်ကနေ မြို့တော်ဝန် မဏ္ဍာပ်ထိ လမ်းလျှောက်သင်္ကြန်ကို ကျင်းပသွားမှာဖြစ်ပြီး လာရောက်လည်ပတ်သူတွေကို အစားအသောက်၊ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ကျွေးမွေးဧည့်ခံသွားမယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။