စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီကစပြီး စစ်ကောင်စီတပ်က စစ်ကားအစီးရေ ၂၀ လောက်နဲ့ ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မီးရှို့ဖျက်ဆီးပြီး ရွာသားအချို့ကို ဖမ်းဆီးထားတာကြောင့် ရွာသားအားလုံး ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာအတွင်းကနေ ထွက်ပြေးလာသူကျေးရွာသားတစ်ဦးက “ညနေပိုင်းလောက်က စစ်ကားတွေနဲ့ တဖက်၊ တောလမ်းခြေလျင်အဖွဲ့က တဖက် နှစ်ဖွဲ့ ခွဲဝင်လာတယ်။ သူတို့ဝင်လာတော့ ရွာသားတွေလည်း ရုတ်တရက် ထွက်ပြေးရတယ်။ အချို့လည်း ဖမ်းဆီးခံထားရတယ်။ ဘယ်နှယောက် ဖမ်းဆီးခံရတယ်လို့တော့ ကျနော်တို့ အတိအကျမပြောနိုင်ဘူးဗျ။ အဖမ်းဆီးခံရတာ များတယ်လို့တော့ သတင်းတွေ ထွက်နေတယ်။ အခုလည်း ရွာထဲကနေ သေနတ်ပစ်သံတွေ ကြားနေရတယ်ဗျ။ ရွာထဲကနေလည်း မီးခိုးတွေ ထွက်နေတယ်။ ဘာတွေ ဖျက်ဆီး မီးရှို့နေတယ် မသိဘူး” လို့ ပြောပါတယ်။
လယ်ဇင်ကျေးရွာ ဒေသခံတွေဟာ မိရိုးဖလာတောင်သူလုပ်ငန်း၊ ကွမ်းခြံလုပ်ငန်းတွေကို လုပ်ကိုင်စားသောက်နေကြပြီး စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်ရှာဖွေကာ အဖိုးတန်ရွှေ၊ ငွေနဲ့ တန်ကြေးရှိတဲ့ အရာတွေကို ယူဆောင်နေတာ ဒီတစ်ကြိမ်နဲ့ဆို ၄ ကြိမ်အထက် ရှိပြီလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာမှာ စက်တင်ဘာ ၄ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး အသက်မပြည့်သေးတဲ့ ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
စစ်ကောင်စီတပ်တွေဟာ PDF အဖွဲ့ဝင်တွေကို လာရှာတယ်ဆိုပြီး ဝင်ရောက်စီးနင်းကာ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “မနေ့ နေ့လယ်မှာ စစ်ကား ၁၀ စီးနဲ့ ကျနော်တို့ရွာ လယ်ဇင်ရွာ ရောက်လာခဲ့တယ်၊ သတင်းပေးလို့ဆိုပြီး။ ကျနော်တို့ ရွာကို လူ ၂ ယောက် ရောက်နေတယ်ဆိုပြီး လာရှာတယ်။ ဖမ်းဆီးသွားတာက အပြစ်မဲ့သူတွေ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ ကိုစိုးလွင်၊ ကိုလတ်မြင့်အောင်၊ ကိုကောင်သား၊ မြတ်လင်းအောင်၊ ကိုအေးမင်းထက်၊ ကိုပိုင်ဇင်မိုး၊ ကိုကောင်းဇင်လင်းနဲ့ မောင်စီတို့ ဖြစ်တယ်လို့ သိရပါတယ်။