ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေက လယ်မြေတွေကို သြဂုတ် ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ မြင့်တက်ခဲ့တဲ့ ဒီရေကြောင့် ကမ်းသင်းရိုးတွေ ကျိုးပေါက်ပြီး ဆားငန်ရေတွေ ဝင်ရောက်ခဲ့တာကြောင့် စပါးစိုက်ခင်းတွေ ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြိမ်ကျွန်းကျေးရွာ ဒေသခံ ဦးထွန်းဇံက “ကျနော်တို့ ကျေးရွာဘက်တွေမှာ ဝါခေါင်လပြည့်ကနေ လပြည့်ကျော် ၃ ရက်နေ့အထိ ဒီရေတွေ အဆမတန်မြင့်တက်ခဲ့လို့ လယ်ကမ်းသင်းရိုးတွေ ကျိုးပေါက်ကာ လယ်မြေထဲတွေကို ဆားငန်ရေတွေ ဝင်ရောက်ခဲ့လို့ စပါးပျိုးပင်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်။ ကျနော်တို့ဒေသက မြစ်ချောင်းတွေဟာ ဆားငန်ရေတွေ ဖြစ်လို့ လယ်မြေတွေကို ဒီရေဝင်ရောက်မှုမရှိအောင် ကန်သင်းရိုးတွေနဲ့ ကာရန်ထားရတာပါ။ ပြီးခဲ့တဲ့(ဖြား) ဒီရေကြီးချိန်မှာ လယ်ကန်သင်းရိုးတွေ ကျိုးပေါက်သွားလို့ ကန်သင်းရိုးတွေ ပြန်လယ်ဆည်ဖို့ရလို့ လုပ်အားခတွေ သိန်းနဲ့ချီ ကုန်ကျခဲ့တယ်။ အလုပ်လုပ်မယ့်သူတယောက် ငှားရမ်းခက ၇,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်အထိ ပေးရတယ်။ ဒါတောင် နိုင်ငံရပ်ခြားကို ထွက်ပြီး အလုပ်လုပ်ကိုင်သူ များပြားလို့ ရွာတွေမှာ အလုပ်သမား ခေါ်ယူကြတာ အရမ်းခက်ခဲတယ်” လို့ ပြောပါတယ်။
ဒိုးတန်းကျေးရွာ ဒေသခံလယ်သမားတယောက်ဖြစ်တဲ့ ဦးမောင်ပုချေက “လယ်ကန်သင်းတွေ ကျိုးပေါက်သွားတဲ့အတွက် လယ်သမားတယောက်ကို လုပ်အားခနဲ့ ပျိုးပင်ဖိုး ၁ သိန်းကျပ်ကနေ ၅ သိန်းကျပ်အထိ နစ်နာဆုံးရှုံးခဲ့ပြီး အခုနှစ်မှာ စပါးအထွက်နှုန်းလည်း အရင်နှစ်တွေကထက် လျော့ကျနိုင်တယ်။ ရခိုင်လိုဆိုရင်တော့ လယ်တွေကို ဆားသတ်ခံရတာပေါ့။ ကျနော်တို့ဒေသတွေမှာ လယ်လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာပါ။ လယ်လုပ်လို့ စီးပွားမဖြစ်နိုင်ပါဘူး။ ၁ နှစ်စာ ဝမ်းစာ(ရိက္ခာ) ရရှိဖို့အတွက်ကိုသာ အဓိကထားပြီး လုပ်ကိုင်ကြတာပါ။ စစ်ကောင်စီတပ်တွေက ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားရင်တော့ ကိုယ့်အိမ်မှာ ဝမ်းစာအပြည့်ရှိနေရင် မြစ်ချောင်းတွေမှာ ငါးပုစွန်တွေ ရှာဖွေစားသောက်လို့ ရသေးတယ်ဆိုပြီး လယ်စိုက်ကြတာ ဖြစ်တယ်။ ကျနော်တို့ဒေသဘက်တွေကို နိုင်ငံတော်အနေနဲ့ ဆည်တွေ မတည်ဆောက်ပေးနိုင်ရင်တောင် ကန်သင်းတွေလုပ်ပေးတာတို့ စရိတ်ထုတ်ပေးတာတို့ လုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်ဘက်တွေမှာလည်း အခုနှစ်မိုးရာသီမှာ မိုးခေါင်ပြီး မိုးရေအလုံအလောက် မရရှိလို့ လယ်မြေတွေပျက်စီးခဲ့သလို စပါးအထွက်နှုန်းတွေလည်း လျော့နည်းလာနိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်ထက် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို မြေဧက ၂၅၀ မှာ စတင်အကောင်အထည်ဖော်ဆောင်ဖို့ လုပ်ဆောင်လာနေပြီး ပွင့်လင်းမြင်သာစွာ မချပြတာကြောင့် စီမံကိန်းမြေနေရာမှာ ပါဝင်နေတဲ့ ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွေ ဆုံးရှုံးနစ်နာမှာကို စိုးရိမ်နေကြပါတယ်။
တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ကိုသိန်းတန်က “ကျနော်တို့ ဒီဒေသခံပြည်သူလူထုတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တာတော့ တစ်ခုမှမရှိ၊ ကျနော်တို့ ကြောင့်ကြစိုးရိမ်ပူပင်နေတာက ဒီလယ်ယာမြေကို အခြေခံပြီး လုပ်ကိုင်စားသောက်နေတဲ့ လူတွေရှိတယ်၊ ဘိုးဘွားပိုင်မြေဆိုရင်လည်း မမှားဘူးလေ။ အဲဒါတွေကို သူတို့ မတော်မတရား တစ်ထောင်တန်ကို ငါးရာနဲ့ ပေးပြီးယူသွားတယ်ဆိုတော့ ကျနော်တို့ နောင်လာနောင်သားတွေ ဘယ်လို လုပ်ကိုင်စားသောက်ပြီး ဘယ်လိုနေသွားရမလဲဆိုတာကို စိုးရိမ်ပူပန်နေကြတာ အများကြီးရှိတယ်” လို့ ပြောပါတယ်။
အထူးစီးပွားရေးဇုန်စီမံကိန်းနေရာမှာ ပါဝင်နေတဲ့ လယ်ယာမြေတွေအတွက် ဒေသခံတွေ တောင်းဆိုထားတဲ့ လျော်ကြေးငွေနဲ့ လယ်ယာမြေတွေ အစားထိုးပေးရမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ဒေသခံတွေကို ဦးစားပေးဖို့ လိုအပ်တယ်လို့ စီမံကိန်းမြေနေရာမှာ ပါဝင်တဲ့ တောင်သူဦးစောမောင်နုက ပြောပါတယ်။
“လျော်ကြေးပေးပြီးတာနဲ့ မသင့်တော်သေးဘူး၊ ဘာမှမလုပ်တတ်၊ လယ်ပဲ လုပ်တတ်တယ်လေ။ နောက်ကိစ္စကို ဘာမှမလုပ်တတ်ဘူးဆိုတော့ ကျနော်တို့ကို လယ်အစားထိုးပေးရမယ်၊ အိမ်ပါရင် အိမ်အစား ပေးရမှာ။ တကယ်လို့များ ကျနော့်လယ်ကို သိမ်းသွားလို့ရှိရင် ကျနော့်မှာ ဥပမာ သားသမီး ၅ ယောက်ရှိတယ်၊ စက်မှုဇုန်ကျလာလို့ရှိရင် ကားမောင်းတတ်ရင် ကားမောင်း သင်ပေးရမှာ၊ စက်ချုပ်တတ်တဲ့မိန်းကလေးဆိုရင် စက်ချုပ်သင်ပေးရမယ်၊ အဲဒီလိုမှမဟုတ်ပဲနဲ့ ခင်ဗျားတို့လယ်တွေကို ငါတို့သိမ်းပြီဆိုပြီး ယူသွားရင်တော့ ကျနော်တို့လယ်သမားတွေ အကုန်သေရမှာ၊ ဒီလိုတော့မဖြစ်စေချင်ဘူး၊ အဲဒါတော့ လက်မခံဘူး” လို့ ပြောပါတယ်။
အမှန်တကယ် ဒေသခံတွေရဲ့အကျိုးအတွက် စနစ်တကျနဲ့ရေးဆွဲထားတဲ့ စီမံမှုတွေရှိ လာပါက ဆုံးရှုံးမှု နည်းနိုင်တယ်လို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစင်တာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်က အခုလို သုံးသပ်ပါတယ်။
“အာဏာသိမ်းထားပြီးနောက်ပိုင်းမှာ အရင်ကလိုမျိုး ပြည်သူတွေရဲ့ နစ်နာကြေး၊ ပြည်သူတွေရဲ့ အခွင့်အရေးကို အော်ဖို့အတွက်ကကျတော့ လွှတ်တော်ကဏ္ဍလည်း မရှိဘူး၊ မီဒီယာတွေရဲ့ကဏ္ဍကလည်း အရမ်းကိုအားနည်းနေတယ်ပေါ့လေ။ အရမ်းအားနည်းနေတယ်ဆိုတဲ့ ဒီလိုကာလမျိုးမှာ အဲဒီလိုကြီးတဲ့စီမံကိန်းမျိုးတွေကို အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့ ဒေသခံတွေအတွက် ဆုံးရှုံးနစ်နာမှု အများကြီးရှိနိုင်တယ်လို့ ကျနော် မြင်တယ်။ အခုကို ဧက ၂၅၀ မှာ ဧက ၆၀ လောက်ကို ဒေသခံမဟုတ်တဲ့သူတွေ ပိုင်ဆိုင်ပြီး ဒေသခံလယ်သမား ၂၂ ယောက်ကို ကျူးကျော်ဆိုပြီးတော့ တရားဝင်ဖော်ပြထားတာမျိုးကို တွေ့နေရတယ်ဆိုတော့ ဒီလိုပြစ်မှုတွေဟာ အများကြီးပေါ်လာနိုင်တယ်ပေါ့လေ။ ဒါပေမဲ့ ဒီလိုလက်ရှိအချိန်မှာလည်း တရားမျှတမှုနဲ့ ဒေသခံတွေရဲ့ အခွင့်အလမ်းနဲ့ အခွင့်အရေးတွေကို အမှန်အကန်ကုစားပေးတဲ့ စီမံကိန်းတွေ ချမှတ်ပြီး တဆင့်ချင်းအလိုက် အကောင်အထည်ဖော်မယ်ဆိုရင်တော့ နစ်နာမှုတွေက အဲဒီလောက်ထိ မရှိနိုင်ဘူးပေါ့” လို့ ပြောပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကျောက်ဖြူမြို့နယ်က ကျေးရွာအုပ်စု ၉ အုပ်စုရှိ လယ်ယာမြေဧက ၄၂၈၉.၃၂ ဧကကို စီမံကိန်းမြေနေရာအဖြစ်သတ်မှတ်ကာ အကောင်ဖော်ဆောင်ဖို့ လုပ်ဆောင်ခဲ့ပြီးနောက် စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ၈၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်း နဲ့ သဘောတူခဲ့ကြကြတာပါ။
၂၀၁၅ ခုနှစ် NLD ပါတီက အစိုးရဖွဲ့ပြီးချိန်မှာတော့ ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ အစုရှယ်ယာတွေကို တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနဲ့ ပြန်လည်သဘောတူညီမှုတွေ လုပ်ဆောင်ခဲ့ကြပြီး စီမံကိန်းဖော်ဆောင်မယ့် မြေနေရာက ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပြန်လည်ဖော်ဆောင်ဖို့ လုပ်ဆောင်လာတာကြောင့် ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွေ ဆုံးရှုံးနစ်နာမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။