ဥရောပသမဂ္ဂ EU ဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အစီအစဉ်မှာ ပြင်ဆင်ထိန်းသိမ်းမှုနဲ့ ချိန်ဆညှိနှိုင်းမှုတွေ လုပ်ပြီး လယ်ယာထွက်ကုန်နဲ့ ရေနံကို တတိယနိုင်ငံတင်ပို့ဖို့ ခွင့်ပြုပေးထား ကြောင်း ဥရောပကောင်စီက ဇူလိုင် ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
တင်းကျပ်တဲ့ အရေးယူမှုတွေမှာတော့ စွမ်းအင်ကဏ္ဍ မဟုတ်တဲ့ ရုရှားရဲ့ အကြီးမားဆုံး ပို့ကုန် ဖြစ်တဲ့ ရုရှားရွှေနဲ့ လက်ဝတ်ရတနာတွေ တင်သွင်းခြင်းကိုတော့ တားမြစ်ထားတာ ပါဝင်ပါတယ်။
ဥရောပကောင်စီဟာ နောက်ထပ် လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို အရေးယူတဲ့ စာရင်းထဲ ထပ်တိုးဖြည့်ဖို့နဲ့ ရုရှားနိုင်ငံရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ Sberbank မှာ ပိုင်ဆိုင်မှုတွေကို ချုပ်ကိုင်သိမ်းဆည်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအစီအစဉ်ပာာ ရုရှားရဲ့ စစ်ရေးနဲ့ နည်းပညာ မြှင့်တင်မှု သို့မဟုတ် သူ့ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမယ့် ထိန်းချုပ်ပစ္စည်းစာရင်းကို သက်တမ်း တိုးလိုက်တာပါ။
ဒါ့ကြောင့် အရပ်ဖက်-စစ်ဖက် ၂ မျိုးသုံးနဲ့ အဆင့်မြင့် နည်းပညာတွေ အပေါ် ပို့ကုန်ထိန်းချုပ်မှုတွေကို အားဖြည့်ပေးတာလို့ ဆိုပါတယ်။
တဖက်မှာလည်း အီးယူဟာ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးနဲ့ တတိယနိုင်ငံကို ရေနံ ပို့ဆောင်မှုနဲ့ စပ်လျဉ်းပြီး နိုင်ငံပိုင်အဖွဲ့အစည်းတွေနဲ့ အရောင်းအဝယ် ပြုလုပ်ရာမှာ တားမြစ်ချက်မှ ကင်းလွတ်ခွင့်ကို သက်တမ်းတိုးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ ကမ္ဘာတဝန်းမှာ စားနပ်ရိက္ခာ မလုံခြုံမှုကို ဖြစ်စေနိုင်တဲ့ အစီအမံအားလုံးကို ရှောင်ရှားဖို့ ကတိပြုထားကြောင်း ဥရောပကောင်စီက အလေးပေး ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ချမှတ်ခဲ့တဲ့အစီအမံတွေထဲမှာ ရုရှားနိုင်ငံနဲ့ တတိယနိုင်ငံတွေအကြား ဂျုံ နဲ့ ဓာတ်မြေသြဇာတွေအပါအဝင် လယ်ယာနဲ့စားသောက်ကုန် ကုန်သွယ်မှုတွေမှာ ပစ်မှတ်ထားခဲ့ တာ မရှိပါဘူး။
လေကြောင်း ကုန်စည်နဲ့ နည်းပညာတွေအတွက် ရုရှားကို နည်းပညာအကူအညီ ခွင့်ပြုပေးမှာဖြစ်ပြီး တရားမျှတမှု ရှိစေဖို့အတွက် ရုရှား အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေထဲကို ဝင်ရောက်ခွင့်တားမြစ်ထားချက်ကို အနည်းငယ် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။