close

လရောင်တောအမှု

close

August 15, 2022

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားတဲ့ လရောင်တောအမှုတွေအတွက် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက ဩဂုတ် ၁၅ ရက်နေ့ရုံးချိန်းမှာ ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

နေပြည်တော်တရားရုံးမှာစွဲဆိုခဲ့တဲ့ အမှုနံပါတ် ၃၊ ၄၊ ၅ တို့အတွက် တမှုကို ၃ နှစ်စီ တရားရုံးက ချမှတ်ခဲ့ပေမယ့် အမှု  ၃ ခုကို တပေါင်းတည်း ပေါင်းပေးခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ပဲချမှတ်ခဲ့ကြောင်း၊ ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာ ငှားရမ်းတာနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုနံပါတ် ၂၅ အတွက်လည်း ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့တာကြောင့် အတိုင်ပင်ခံဟာ ဒီနေ့ ရုံးချိန်းမှာ စုစုပေါင်းထောင်ဒဏ် ၆ နှစ်ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၂၀ ထက်မနည်းရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ် ကနဦးချမှတ်ထားတာပါ။ ဒီနေ့ချမှတ်တဲ့ထောင်ဒဏ် ၆ နှစ်နဲ့ဆိုရင် အတိုင်ပင်ခံဟာ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခံထားရပါတယ်။

နေပြည်တော်တရားရုံးက စွဲဆိုထားတဲ့အမှုတွေမှာ ပူးတွဲတရားစွဲခံထားရတဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုလည်း ၂ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပေမယ့် အမှု ၂ ခုကိုပေါင်းပြီး ၃ နှစ်ပဲ ကျခံစေခဲ့တယ်လို့ သိရပါတယ်။ 

ပူးတွဲတရားစွဲခံခဲ့ရတဲ့ အစိုးရရုံးဝန်ကြီး ဦးမင်းသူကို ထောင်ဒဏ် ၂ နှစ်၊ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

“အမှုနံပါတ် ၃၊ ၄၊ ၅၊ ၂၅ ကို တမှုကို သုံးနှစ်စီချတယ်။ ၃၊ ၄၊ ၅ က နေပြည်တော်က ကိစ္စတွေ ဖြစ်တဲ့အတွက် အဲဒါတွေ ပေါင်းပေးတယ်။ အဲဒီသုံးမှုအတွက် ၃ နှစ်ပဲ ကျတယ်။ တပေါင်းတည်း ပေါင်းလိုက်တယ်။ ၂၅ ကတော့ ရန်ကုန်က မြေငှားတဲ့ကိစ္စ။ အဲဒါအတွက် ၃ နှစ် စုစုပေါင်း ၆ နှစ် ထပ်ချလိုက်တယ်။ ဒေါက်တာမျိုးအောင်က ၂ မှုတွဲတယ်။ ၃ နှစ်စီ ၆ နှစ်ချတယ်။ ဒါပေမဲ့ ၂ မှုကို ပေါင်းပေးတဲ့အတွက် ၃ နှစ်ပဲ ချတယ်။  ကိုရဲမင်းဦးက ၁ မှု ၃ နှစ်ချတယ်။ အမှုတွဲ နေပြည်တော်က ဦးမင်းသူက ၂ နှစ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အမှုချည်းပဲ ဒီနေ့က” လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးစီးခဲ့တဲ့ လရောင်တော စိုက်ပျိုးသင်တန်း သက်မွေး‌ကျောင်းအတွက် မြေဧက ၁၀၀ ကျော် လျှောက်ထားရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက အတိုင်ပင်ခံကို အဂတိအမှုတွေနဲ့ စွဲဆိုခဲ့ပြီး ဒီနေ့မှာ ထောင်ဒဏ်တွေချမှတ်ခဲ့တာပါ။ 

အဂတိအမှုတွေဟာ တမှုချင်းစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်စီအထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်ပေမယ့် စစ်ကောင်စီတရားရုံးက အမှုတွေကို ပေါင်းခွင့်ပေးခဲ့ပြီး ထောင်ဒဏ်တွေကိုလည်း လျှော့ပေါ့ချမှတ်ထားတာ တွေ့ရပါတယ်။

2 mins Ago

July 25, 2022

လရောင်တောအမှု အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်သင့်၊ မတင်သင့် ဩဂုတ် ၁၁ ရက်နေ့ အမိန့်ချမည်

နေပြည်တော်၊ လရောင်တောစီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှု ၄ မှုကို စွဲချက်တင်သင့်၊ မတင်သင့် တရားရုံးက ဩဂုတ် ၁၁ ရက် အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးစီးခဲ့တဲ့ လရောင်တော စိုက်ပျိုးသင်တန်း သက်မွေး‌ကျောင်းအတွက် မြေဧက ၁၀၀ ကျော် လျှောက်ထားရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက  ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုတွေနဲ့ စွဲဆိုခဲ့တာပါ။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်က အလှူငွေပေးအပ်ခဲ့တဲ့ အဂတိအမှု ၂ မှုအတွက်ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

အဲဒီအမှု ၂ မှုအတွက် ဇူလိုင် ၂၆ ရက်နေ့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ တရားလို ဦးရဲထက်ကို ပြန်ခေါ်သက်သေအဖြစ် ဇူလိုင် ၂၆ ရက်နေ့မှာ ဆက်လက်လက်စစ်ဆေးဖို့ တရားရုံးက ချိန်းဆိုထားပါတယ်။

“အမှုတွေအတွက် တရားရုံးကမေးလိုက်တိုင်း အပြစ်မရှိဘူးလို့ပဲ အန်တီက ထွက်ဆိုပါတယ်" လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဦးမောင်ဝိတ်နဲ့ဆက်စပ်တဲ့ အဂတိနှစ်မှုကို ဇူလိုင် ၁၃ ရက်နေ့မှာ ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ချေဖျက်ခွင့် တင်ထားတာပါ။    

နိုင်ငံခေါင်းဆောင်ရဲ့ ရှေ့နေ့အဖွဲ့‌က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ အရ အမှုတွဲ ချေဖျက်ခွင့်တင်တာဖြစ်ပြီး တရားရုံးရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းကို အလွဲပြုတာကနေ ကာကွယ်ဖို့နဲ့ တရားဖြောင့်မှန်ရာရောက်အောင် တရားလွှတ်တော်မှာ ရှိရင်းစွဲဖြစ်တဲ့ မူလဘူတအာဏာကို သုံးစွဲခွင့်ရဖို့ ရည်ရွယ်တာလို့ ဥပဒေပညာရှင်တွေက ရှင်းလင်းထားပါတယ်။ 

ပြစ်မှုအင်္ဂါရပ်နဲ့ မညီတာ၊ တရားမကြောင်းစွဲရမယ့်အမှုကို ပြစ်မှုနဲ့စွဲတာ၊ နောက်တိုး တရားခံထည့်ရာမှာ ဥပဒေနဲ့မညီတာ၊ အမှုကနေ အပြီးလွှတ်ပြီးတဲ့သူတွေကို ထပ်မံစွပ်စွဲတာ၊ သက်သေကို မမှန်သက်သေခံမှုတွေနဲ့ အရေးယူတာ စတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး အမှုတွဲ ချေဖျက်ခွင့်စီရင်ထုံးတွေလည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။  

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁ အရ တရားစွဲဆိုထားတဲ့အမှုတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့မညီရင် စွဲချက်မတင်ခင်မှာ တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်တွေဆီကို စွပ်စွဲခံရသူက အမှုတွဲချေဖျက်ဖို့ လျှောက်ထားခွင့်ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေချထားတဲ့ အမှု ၄ မှုကိုလည်း တိုင်းတရားရုံးဆီ ပြင်ဆင်မှု ဆက်တက်ထားပါတယ်။ နေပြည်တော်အချုပ်ထောင်ကို အပို့ခံထားရတဲ့ အတိုင်ပင်ခံဆီကို တပတ်မှာ သုံးကြိမ် ထောင်ဝင်စာပို့ခွင့်ရပြီး နေကောင်းကျန်းမာတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်တဲ့ အဂတိအမှု ရာကြီးအမှတ် ၄ အမှုအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်က အဂတိလိုက်စားထားတာမရှိတဲ့အတွက် သူ့မှာအပြစ်မရှိကြောင်း ဇူလိုင် ၅ ရက်နေ့ ရုံးချိန်းမှာ ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။  

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု စုစုပေါင်း ၂၀ ထက်မနည်းရှိခဲ့ပြီး အဲဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။ ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

3 weeks Ago
Up