ယူနိုက်တက်အသင်းကွင်းလယ်လူ အန်ဒရီပါရဲရားဟာ စီးရီးအေကလပ်လာဇီယိုအသင်းကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွေ့သွားခဲ့ပြီဖြစ်ပါတယ်။
ဒီအပြောင်းအရွေ့မှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ပါဝင်ပါတယ်။
ပါရဲရားဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၁၉ ခုနှစ်တုန်းကမှ ကာလရှည်စာချုပ်ချုပ်ဆိုခဲ့သူပါ။
အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဖာနန်ဒက်စ်၊ ဘန်ဒီဘိခ် စတဲ့က စားသမားသစ်တွေ ရောက်ရှိလာတာကြောင့် အသင်းမှာပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။
ပါရဲရားဟာ ယူနိုက်တက်အသင်းရဲ့ လိဒ်ပွဲနှစ်ပွဲနဲ့ ကာရာဘောင်းပွဲနှစ်ပွဲစလုံးမှာ အသင်းလူစာရင်းမှာ ထည့်သွင်းမခံခဲ့ရပါဘူး။
လာဇီယိုအသင်းက ခေါ်ယူလိုနေချိန်မှာ ကစားသမားဘက်က ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အငှားကာလအတွင်းမှာ လာဇီယိုအသင်းက ကစားသမားရဲ့လစာကို ပေးချေသွားရမှာဖြစ်ပါတယ်။
ပါရဲရားထွက်ခွာပြီးနောက် ယူနိုက်တက်အသင်းက တခြားကစားသမားတစ်ချို့လည်း အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ်ရှိနေပါတယ်။
နောက်ခံလူ ခရစ္စစမောလင်းဟာ အငှားသွားကစားနေတဲ့ ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့သွားဖို့ ရှိနေပါတယ်။
ရိုးမားအသင်းဘက်က ကစားသမားကို အပြီးသတ်ခေါ်ယူလိုနေပေမယ့် တောင်းဆိုထားတဲ့ ပေါင်သန်း ၂၀ ဟာ ရိုးမားအသင်းအတွက် အခက်အခဲဖြစ်စေပါတယ်။ ဒါပေမယ့် မကြာခင်မှာ အသင်းနှစ်သင်းကြား သဘောတူညီချက်ရရှိသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ကစားသမားတွေဖြစ်တဲ့ ဒါးလော့၊ ဖီးဂျုံးစ်၊ ရိုဂျိုနဲ့ ရိုမီရိုတို့ဟာလည်း အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ အသင်းကနေထွက်ခွာသွားဖို့ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။
လက်ရှိ လုခ်ရှောနဲ့ ဝီလီယမ်တို့ရှိနေတဲ့ ဘယ်နောက်ခံလူနေရာအတွက် အပြိုင်အဆိုင်ဖြစ်အောင် တဲလက်စ်ကို ဆိုးလ်ရှားက ခေါ်ယူလိုနေတာဖြစ်ပါတယ်။
တဖက်မှာလည်း ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ကာလရှည်ပစ်မှတ် ဆန်ချိုနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ကို အခုထိ လက်မလွှတ်သေးဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ အခုချိန်အထိ ဒေါ့မွန်တောင်ပံကစားသမားအတွက် တရားဝင်ကမ်းလှမ်းမှုလုပ်ဆောင်သေးခြင်း မရှိဘူးလို့ သိရပေမယ့် ဒီအပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးကိစ္စက အဓိကပြဿနာအဖြစ်ရှိနေပါတယ်။
ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပေါင် ၁၀၈ သန်းဈေးခေါ်ထားပြီး ယူနိုက်တက်အသင်းက ဒီပမာဏကို ပေးချေလိုခြင်းမရှိပါဘူး။
2 years Ago