စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က ကမ်ဘရေ ဗေးဂျာ မီးတောင်ဟာ ၂၇ ရက်မြောက် ပေါက်ကွဲမှု အတွင်း ချော်ရည်တွေနဲ့ ကျောက်ခဲတွေကို အောက်တိုဘာ ၁၆ ရက် မနက်က မှုတ်ထုတ်ခဲ့ပါတယ်။
ကျွန်းရဲ့မြို့တွေအပေါ်က တောင်စောင်းတလျှောက်မှာ နီရဲနေတဲ့ ချော်ရည်ပူအိုင်တွေ အတော်များများကို မြင်ရပါတယ်။
တောင်အောက်မှာတော့ အဆောက်အအုံတွေပေါ်ကို မီးလောင်နေတဲ့ ကျောက်တုံးတွေ ဝုန်းဒိုင်းကျဲ ကျဆင်းနေပါတယ်။
မီးတောင်ကနေ ပန်းထွက်လာတဲ့ ကျောက်ရည်ပူတွေက တခြားနေရာတခုဆီ စီးဆင်းဝိုင်းရံ လာနေလို့ အောက်တိုဘာ ၁၄ ရက်က နောက်ထပ် လူအယောက် ၃၀၀ လောက် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။
တာဇာကော်တေ မြို့နဲ့ လာလာဂူနာ မြို့တွေကြားမှာ နေတဲ့လူတွေကို ပိုင်ဆိုင်သမျှပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သိမ်းဆည်းပြီး စုရပ်မှာဆုံကြဖို့ အရေးပေါ် ဝန်ထမ်းတွေ နာရီအနည်းငယ် အချိန်ပေးခဲ့ပါတယ်။
ချော်ရည်တွေကြောင့် ကျွန်းရဲ့ ဟက်တာ ၆၀၀ အကျယ်အဝန်း ပျက်စီးခဲ့ရပြီး အိမ်နဲ့ တခြား အဆောက်အဦတွေ အလုံး ၁၅၀၀ လောက် ပျက်စီးခဲ့ပါတယ်။
ဘိလပ်မြေ စက်ရုံတရုံ ဒီအပတ် အစောပိုင်းက ချော်ရည်တွေ ဖုံးခဲ့လို့ အဆိပ်သင့် ဓာတ်ငွေ့တွေ ပေါ်ထွက်ခဲ့ပါတယ်။
စပိန်နိုင်ငံ၊ လာပယ်မာကျွန်းပေါ်က ပေါက်ကွဲနေဆဲ မီးတောင်ကနေ ချော်ရည်တွေ စီးနေတာ စက်တင်ဘာ ၂၂ ရက်မှာ ၄ ရက်မြောက် ရှိပါပြီ။
မီးတောင်ပတ်လည်က မြို့တွေကို ပြာတွေ ဖုံးလွှမ်းနေပြီး ပိုများတဲ့ လူတွေလည်း သူတို့ အိမ်တွေကို စွန့်ခွာရင်း ဘေးကင်းရာ ရွှေ့ပြောင်းနေရပါတယ်။
တနင်္ဂနွေနေ့မှာ မီးတောင် ပေါက်ကွဲကတည်းက ကမ်ဘရေဗေးဂျာ မီးတောင်က ချော်ရည်တွေဟာ အိမ်ခြေ ၁၅၀ ထက် မနည်းကို ဖျက်ဆီးခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေ ထွက်ပြေးခဲ့ရတာပါ။
ကျွန်းရဲ့ တောင်ပိုင်းကို ၃ မိုင်လောက် စီးလာတဲ့ ချော်ရည်နက်တွေဟာ တိုဒိုကေးဒေသကို ရောက်ချိန်မှာ အနောက်ဘက်ကို ဖြည်းဖြည်းချင်း စီးလာပြီး လမ်းကြောင်းတလျှောက်က အိမ်တွေ ကျောင်းတွေနဲ့ ကျွန်းရဲ့ အကြီးဆုံး တင်ပို့ကုန်ဖြစ်တဲ့ ငှက်ပျောစိုက်ခင်းတွေကို လောင်ကျွမ်း ဖျက်ဆီးခဲ့ပါတယ်။
အပျက်အစီးနည်းအောင် အရေးပေါ်ဌာနတွေက ချော်ရည်တွေကို လမ်းကြောင်းလွှဲဖို့ ကြိုးစားခဲ့ပေမဲ့ နည်းနည်းပဲ အောင်မြင်ခဲ့တာပါ၊
ချော်ရည်စီးနှုန်း နှေးလာလို့ ပင်လယ်ထိ ရောက်ချင်မှ ရောက်တော့မယ်လို့ ပေဗော်လ်ကာ ပေါက်ကွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ နည်းပညာဆိုင်ရာ ညွှန်မှူး မစ်ဂယ် အိန်ဂျယ် မော်ကျူအန်ဒေက ပြောပါတယ်။
ချော်ရည်တွေဟာ တနင်္လာနှောင်းပိုင်းမှာ အတ္တလန္တိတ် သမုဒ္ဒရာဆီကို ရောက်နိုင်တယ်လို့ အစက ဟောကိန်း ထုတ်ထားတာပါ။ တကယ်လို့ ရောက်ခဲ့ရင် ပေါက်ကွဲမှုတွေနဲ့ အဆိပ်သင့် ဓာတ်ငွေ့တိမ်တိုက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။
အဏ္ဏဝါဆိုင်ရာ အာဏာပိုင်တွေကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပင်လယ်ထဲ ရေမိုင် ၂ မိုင် အကွာကို ဘယ်သူမှ မလာနိုင်အောင် ပိတ်ထားပါတယ်။