အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်လာနဲ့ ရွှေ လာဘ်စားတယ်လို့ စွပ်စွဲတရားစွဲဆို အမိန့်ချထားတဲ့အမှုအတွက် ပြည်ထောင်စုတရားလွှတ်ချုပ်ထံ ရာဇဝတ် အထွေထွေအထူးအယူခံ တင်ထားတယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။
တရားရေးနဲ့ နီးစပ်သူတဦးက “လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ လက်ခံသင့် မသင့် ကြားနာမယ်၊ ကျန်တဲ့အမှုတွေကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ ထောင် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှုအားလုံးကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်သွင်းထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မတရားစွပ်စွဲဖမ်းဆီးပြီး ထောင်ဒဏ်အသီးသီးချမှတ်ကာ သမ္မတ ဦးဝင်းမြင့်ကို တောင်ငူထောင်ပို့ဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေပြည်တော်အချုပ်ထောင်ဝန်းအတွင်းက သီးသန့်အဆောက်အဦမှာ ဆက်လက် ထားရှိထားပါတယ်။
အမှုတွေအားလုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားတဲ့အတွက် အမှုကိစ္စတွေ ပြောဆိုဆွေးနွေးဖို့ စွပ်စွဲခံရသူတွေနဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီထံ ခွင့်ပြုမိန့်တင်ထားတာကို ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ DSI နဲ့ အရေးပေါ်ကယ်ဆယ်ရေးရဲတပ်ဖွဲ့ 191 တို့ပူးပေါင်းပြီး တရားမဝင်လုပ်ငန်းလုပ် ကိုင်တဲ့နေအိမ် တအိမ်ကို ဝင်ရောက်စစ်ဆေးကာ ဘတ် ၉ သန်းကျော်ယူပြီး တရားခံတွေကို ပြန်လွှတ်ပေးခဲ့တဲ့အမှု ဖြစ်ပွါးခဲ့ပါတယ်။
အဆိုပါကျူးလွန်မှုထဲမှာ DSI ရဲတပ်ဖွဲ့မှ သတင်းတပ်ဖွဲ့ညွှန်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် အဖွဲ့ဝင် ၅ ဦး ၊ ၁၉၁ အရေးပေါ်ကူညီရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၉ ဦး ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ တရုတ်ဘာသာပြန် ၁ ဦး စုစုပေါင်း ၁၆ ဦးတို့ကို တာဝန်ဝတ္တရား အလွှဲသုံးစားမှု၊ လာဘ်စားမှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှုတွေနဲ့ အရေးယူထားတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက ဇန်နဝါရီ ၁၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
၂၀၂၂ ဒီဇင်ဘာ ၂၂ ရက်က DSI နဲ့ 191 ရဲတပ်ဖွဲ့တွေပါတဲ့အဖွဲ့ဟာ နိုင်ငံခြားသားတွေကို တရားမဝင်ဗီဇာထုတ်ပေးမှုနဲ့ ဘန်ကောက် ဆာထွဏ်းနယ်မြေ ထုန့်မဟာမေ့ခ်ရပ်ကွက်ရှိ သံမှူးတဦးနေထိုင်ခဲ့တဲ့ အိမ်ကိုသွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါနေအိမ်မှာ နိုင်ငံတကာ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ တရုတ်ဝရမ်းပြေး ၁ ဦးအပါအဝင် တရုတ်နိုင်ငံသား ၅ ဦး မြန်မာနိုင်ငံသား ၆ ဦးတို့ကို ဘတ်ငွေ ၈ သန်းနဲ့အတူ တွေ့ရှိခဲ့တယ်လို့ ဆိုပါ တယ်။
ဒါပေမဲ့ DSI ရဲတပ်ဖွဲ့ဝင်တွေက ရှင့်ယန် ဆိုသူတရုတ်အိမ်ဖော်အမျိုးသမီး ၁ ဦးနဲ့ ဘတ်ငွေ ၂ သန်းခွဲကိုသာ ဖမ်းဆီးရမိကြောင်း ဌာနကိုပြန်လည်အစီရင်ခံကာ ကျန်သူတွေကို ငွေယူပြီး လွှတ်ပေးခဲ့ပါတယ်။
ကျန်ငွေ ၅ သန်းခွဲကို စစ်ဆေးရေးအဖွဲ့ဝင်တွေကြား ဝေမျှယူရာမှာ မလောက်ငှတဲ့အတွက် နောက်ထပ် ၄ သန်း ထပ်တောင်းခဲ့ကြောင်း၊ အိမ်မှာငွေမရှိတဲ့အတွက် ရှင့်ယန်က မိတ်ဆွေဆီ ဖုံး ဆက်ပြီး အိမ်အနီးဓာတ်ဆီဆိုင်မှာ လာပို့ခိုင်းစဉ် DSIရဲ့တရုတ်စကားပြန်ကိုယ်တိုင် ကားနဲ့ လာ ယူ တဲ့ ဗွီဒီယိုဖိုင်တွေလည်း ထွက်ပေါ်လာပါတယ်။
အဆိုပါတရုတ်ဘာသာပြန်ဟာ စင်ကာပူနိုင်ငံကိုထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားစဉ် သုဝဏ္ဏဘုမိ လေဆိပ်မှာဖမ်းဆီးခံခဲ့ရပါတယ်။ ဒီပြစ်မှုမှာ သူတယောက်သာဝန်ခံပြီး ကျန်တဲ့ ရဲဝန်ထမ်းတွေ ကတော့ ငြင်းဆန်နေကြောင်း၊ ဒါပေမဲ့ သူတို့အားလုံးကို ရာထူးကနေဖြုတ်ချထားတယ်လို့ ဒုရဲချုပ်က ပြောပါတယ်။
စစ်ဆေးခဲ့တဲ့နေအိမ်ဟာ အရင်က Naura နိုင်ငံ သံမှူးကြီးငှါးရမ်းနေထိုင်ခဲ့ဖူးပြီး အဲဒီနောက် တရုတ်နိုင်ငံသားတွေက ဆက်လက်ငှါးရမ်းခဲ့ကြောင်း ၊ Naura နိုင်ငံဟာ ပစ္စဖိတ်သမုဒ္ဒရာအနီးရှိ နိုင်ငံငယ်လေးတစ်ခုသာဖြစ်ပြီး တရုတ်ဝရမ်းပြေးတွေက နိုင်ငံသားအဖြစ်သွားရောက်ကူးပြောင်း လေ့ရှိတဲ့ နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။
ထိုင်းဒုရဲချုပ်က နိုင်ငံတကာက အလိုရှိနေတဲ့တရုတ်ဝရမ်းပြေးတစ်ယောက် ထိုင်းနိုင်ငံထဲ ဘယ် လိုနေလို့ရနေသလဲဆိုတာနဲ့ပတ်သက်ပြီး လဝကရဲတပ်ဖွဲ့ကိုလည်းစစ်ဆေးရမှာဖြစ်ကြောင်း ၊ ရဲအ ချင်းချင်းကိုလည်း အချိန်ကုန်ခံပြီးပြန်ဖမ်းနေရတာ မဖြစ်သင့်ဘူးလို့ပြောပါတယ်။
အဆိုပါနေအိမ်ဟာ နိုင်ငံခြားသား အထူးသဖြင့် တရုတ်နိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကြာကြာ နေလို့ရအောင် ဗီဇာအတုတွေထုတ်ပေးနေတယ်လို့ သတင်းရတာကြောင့် ရဲတွေက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။
ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းရှင်နှိမ်နင်းရေးတွေ ဆောင်ရွက်နေရင်း မမှန်ကန်သောဗီဇာတွေနဲ့ နေထိုင်သူပေါင်း ၅၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း၊ အဲဒီထဲမှာ အသက် ၆၀ ကျော်လူကြီးတွေက ကျောင်းသားဗီဇာတွေနဲ့ နေနေတာလည်း ပါဝင်ကြောင်း၊ ဗီဇာထုတ်ပေးတာနဲ့ ပတ်သက်ပြီး လဝက ရဲတပ်ဖွဲ့ဝင် ၈၀ ဦးကို အမှုဖွင့်အ ရေးယူထားကာ အဲဒီထဲမှာ ဒုရဲချုပ် ဆူရချေ့ရဲ့ တစ်နှစ်ထဲကျောင်းဆင်းတဲ့ သူငယ်ချင်း ရဲချုပ် ၁ ဦးလည်းပါတယ်လို့ 3Plus News သတင်းမှာ ဖော်ပြသွားပါတယ်။