စပိန်ဘောလုံးအဖွဲ့ချုပ် လာလီဂါဟာ ဘောလုံးပွဲစဉ်တွေမှာ လူမျိုးရေးခွဲခြားတဲ့ ပရိသတ်တွေကို ဘာမှ အရေးယူတာ မရှိသေးဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရားဇီး ရှေ့တန်းကစားသမား ဗီးနီးစီးယက်စ် ဂျူနီယာက ဒီဇင်ဘာ ၃၁ ရက်မှာ ပြောဆိုပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုမှတ်တမ်းထဲမှာတော့ ပရိသတ်တွေက သူ့အပေါ်မှာ အော်ဟစ် စော်ကားတာမျိုးတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာမျိုးတွေ လုပ်ခဲ့ပြီးနောက်မှာပဲ လာလီဂါအပေါ် အခုလို ဝေဖန်ခဲ့တာပါ။
စပိန်ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ လာလီဂါအနေနဲ့ အမုန်းစကားပုံစံအားလုံးကို ဆန့်ကျင်ရှုတ်ချတဲ့အပြင် ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားမှု ဖြစ်ရပ်တွေကိုလည်း နောက်ကြောင်းလိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ရီးရဲလ်ဗယ်လာဒိုးလစ်အသင်းကို ရီးရဲလ်မက်ဒရစ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဗီးနီးစီးယက်စ် လူစားလဲခံခဲ့ရပါတယ်။
အဲဒီနောက် ပရိသတ်တွေရှေ့က ဖြတ်သန်းသွားချိန် ဟိုဆေးဇော်ရီလာ အားကစားကွင်းမှာ ပစ်မှတ်ထား စော်ကားခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒီပွဲစဉ်ပြီးနောက် ဗီးနီးစီးယက်စ်က “လူမျိုးခွဲခြားသူတွေဟာ အားကစားကွင်းတွေကို ဆက်လက်သွားရောက်ခွင့်ရနေပြီး ကမ္ဘာပေါ်က အကြီးမားဆုံး ကလပ်အသင်းကြီးရဲ့ပွဲစဉ်ကို အနီးကပ် ကြည့်ရှုခွင့်ရနေပေမဲ့ လာလီဂါကတော့ ဘာမှ အရေးယူဆောင်ရွက်တာမျိုး အခုထိမရှိသေးဘူး” လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
လာလီဂါလိဂ်အနေနဲ့ကတော့ ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားစော်ကားမှု ဖြစ်ရပ်တွေကို အရင်တုန်းက ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့တယ်ဆိုတာ အသေးစိတ် ဖော်ပြထားပြီး အားကစားလောကမှာ အကြမ်းဖက်မှု၊ လူမျိုးရေးခွဲခြားမှု၊ ကြောက်ရွံ့မုန်းတီးမှု၊ သဘောထား သေးသိမ်မှု အန္တရာယ်တွေကို ဆက်လက်တိုက်ဖျက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။