close

လာအို

close

April 10, 2023

မီးခိုးမြူပြဿနာ ၃ နိုင်ငံပူးပေါင်းဖြေရှင်းရမည်ဟု ဝန်ကြီးချုပ် ပရာယုဒ်ပြော

လက်ရှိ ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုဆိုးဆိုးဝါးဝါးကြုံတွေ့နေရတဲ့ မီးခိုးမြူတွေဟာ နယ်စပ်ဖြတ်ကျော် လွင့်ပါးနေတာကြောင့် ထိုင်းတနိုင်ငံတည်း နှိမ်နင်းရုံနဲ့မအောင်မြင် မြန်မာ၊ လာအိုတို့နဲ့  သုံးနိုင်ငံ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံနယ်စပ်မှာ တောင်ယာမီးရှို့တာ၊ တောမီးလောင်တာတွေကြောင့် ၁ လကျော်ကြာ မီးခိုးမြူတွေ ပိတ်ဖုံးနေတာနဲ့ ပတ်သက်လို့  ပူးပေါင်းပြဿနာဖြေရှင်းရေးအတွက် သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချား၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင်းဆီဖန်းဒုန်းတို့ ဦးဆောင်ပြီး ၃ နိုင်ငံက တာဝန်ရှိသူတွေဟာ ဧပြီ ၇ ရက်နေ့က ဗွီဒီယိုကွန်ဖရင့်လုပ်ပြီး အွန်လိုင်းကနေ ဆွေးနွေးခဲ့တယ်လို့  Workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက မီးခိုးမြူတွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးလုံခြုံရေးအန္တရာယ်ဖြစ်စေကြောင်း၊ ဒါကြောင့် ထိုင်းအနေနဲ့ ဒီကိစ္စပေါ်အလေးထားပြီး စောင့်ကြည့်နှိမ်နင်းခဲ့ပေမဲ့ မီးခိုးတွေဟာ နယ်စပ်ဖြတ်ကျော်လွင့်ပါးနေတာကြောင့် ထိုင်းတနိုင်ငံတည်း နှိမ်နင်းရုံနဲ့မအောင်မြင်ဘဲ သုံးနိုင်ငံ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းဖို့ ပြောသွားပါတယ်။

မီးခိုးမှုန်ကင်းစင်ရေး၊ လေထုညစ်ညမ်းမှုလျော့ချရေးအတွက် စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ပြီး အသေးစား ဇီဝဓာတ်ငွေ့ထုတ်လုပ်တာ၊ စွန့်ပစ်ပစ္စည်းတွေကို လူ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ရီဆိုင်ကယ်ပြန်လည်ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။ 

ဒါ့အပြင် တောင်ယာမီးရှို့မှုလျော့ပါးရေးအတွက် ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်း၊ တောင်သူတွေကိုကူညီထောက်ပံ့ခြင်း၊ ၃ နိုင်ငံ ခရိုင်အဆင့် နယ်ခြားကော်မတီတွေ ပူးပေါင်းဆောင်ရွက် ရုံတင်မကဘဲ ၄၂ ကြိမ်မြောက် အာဆီယံအစည်းအဝေးမှာ မီးခိုးမြူု ပြဿနာကို အာဆီယံဒေသ ပြဿနာအဖြစ် ထည့်သွင်းဆွေးနွေးခြင်းတွေ ပါဝင်ပါတယ်။ 

တောတောင်မီးလောင်မှုတွေ လျှော့ချရေးအတွက် အချိန်မီငြိမ်းသတ်နိုင်ဖို့တောမီး လောင်အချက်ပေးကရိယာတွေတပ်ဆင်တာ၊ မီးသတ်သမားနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို တောမီးငြှိမ်းသတ်ခြင်းဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းပေးဖို့လည်း ဆွေးနွေးပါတယ်။ 

အဆိုပါအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ Fire Hotspot လျှော့ချရေးနဲ့ မီးခိုးမြူငွေ့ထိန်းချုပ်ရေး အတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအစီအမံများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်းပြောပါတယ်။

စစ်ခေါင်းဆောင်ကအခုလို ပြောဆိုနေပေမဲ့ စစ်ကောင်စီတာဝန်ပေးထားတဲ့ အဆိုပါ ကော်မတီတွေအနေနဲ့ လက်တွေ့မြေပြင်မှာ  မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းတွေ  လုပ်ဆောင်တာတော့  မတွေ့ရပါဘူး။ 

အဆိုပါအစည်းအဝေးမှာ ဆုံးဖြတ်ချက်တွေ ထုတ်ပြန်တာတော့မရှိဘဲ နယ်စပ်ဖြတ် ကျော်မီးခိုးမြူတွေနှိမ်နင်းရေးအတွက် အတူတကွ ပိုမိုတိုးမြှင့်ပူးပေါင်းနှိမ်နင်းကြဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo-DSINFO

3 hours Ago

February 8, 2023

တရုတ်-လာအို-ထိုင်း ၃ နိုင်ငံ ကုန်တင်ရထားခရီးစဉ် စတင်

လာအိုနိုင်ငံကတဆင့် ထိုင်းနိုင်ငံဆီ ထွက်ခွာမယ့် ကုန်တင်ရထားတစင်းဟာ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ကနေ ဖေဖော်ဝါရီ ၇ ရက်က ထွက်ခွာပြီး သုံးနိုင်ငံကိုဆက်သွယ်တဲ့ ပထမဆုံး အသွားအပြန် မီးရထားလမ်း ခရီးစဉ်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

ကီလိုမီတာ ၁,၈၃၀ ရှည်လျားတဲ့ တရုတ်-လာအို-ထိုင်း လမ်းကြောင်းဟာ အာရှဖြတ်ကျော် ရထားလမ်းရဲ့ ဗဟိုအပိုင်းပါ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ တရုတ်-လာအို ရထားလမ်းတိုးချဲ့မှု လမ်းကြောင်းဟာ ကူမင်းမြို့ကနေ လာအိုမြို့တော် ဗီယင်ကျန်းမြို့ဆီ ပြေးဆွဲပြီး ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်အထိ ဆက်လက်ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဒီကုန်တင်ရထားရဲ့ အပြန်ခရီးစဉ်မှာ ထိုင်းနိုင်ငံက ရာသီအလိုက် သစ်သီးဝလံတွေဖြစ်တဲ့ လေချူသီးခေါ် သမင်မျက်လုံးနဲ့ ဒူးရင်းသီးတွေကို တင်ဆောင်သွားမှာပါ။

အရင်က သယ်ယူပို့ဆောင်ရေး အခြေအနေနဲ့ နှိုင်းယှဉ်ရင် ခုနည်းလမ်းဟာ အချိန်ကို တရက်တိုစေတဲ့အပြင် ကုန်ကျစရိတ်ကို ၂၀ ရာခိုင်နှုန်းကျော် လျှော့ချပေးပါတယ်။

တရုတ်နိုင်ငံဟာ အသွားအပြန် လွန်းပျံရထားကို မေလကုန်ကစပြီး တရက်ခြားနဲ့ ဇွန်လမှာ နေ့စဉ်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။

2 months Ago
Up