ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ပေးရာ လားရှိုးအကျဥ်းထောင်က ၁၃ ဦး လွတ်မြောက်လာပါတယ်။
ဒီနေ့ လားရှိုးအကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာ ကျောက်မဲက အမျိုးသမီး ၁ ဦး အပါအဝင် လားရှိုးမှ အမျိုးသား ၂ ဦး၊ ကွတ်ခိုင်က အမျိုးသား ၁ ဦး၊ မူဆယ်က ၈ ဦး၊ ဟိုပန် ၁ ဦး ဖြစ်တယ်လို့ ကနဦး သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့တုန်းကတော့ လားရှိုးအကျဥ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်မြောက်လာသူ တဦးတယောက်မှ မရှိခဲ့ပါဘူး။
ဧရာဝတီတိုင်း ပုသိမ်အကျဥ်းထောင်ကနေလည်း ပုဒ်မ ၅၀၅-က အမိန့်ချမှတ်ခံထားရသူ ၁၈ ဦး ဒီနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။
ပုသိမ်မြို့ဒေသခံတစ်ဦးက "ဒီနေ့ ပုသိမ်ထောင်က ၅၀၅-က နဲ့အမိန့်ချထားသူတွေက ၁၈ ယောက် လွတ်တယ်၊ ပုသိမ်၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်က သူတွေ လွှတ်တာ၊ အခု လွှတ်ငြိမ်းပေးသူတွေက လွှတ်ခါနီးသူတွေ"လို့ ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုဒ်၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခံထားပြီး ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ကာ ၊ ပုသိမ်က ၃ ဦး ၊ကျုံပျော်က ၆ ဦး၊ ကျောင်းကုန်းမှ ၉ ဦးတို့ဖြစ်ကြပြီး အမျိုးသမီး၂ဦးကတော့ ပုသိမ်နဲ့ ကျုံပျော်က ဖြစ်ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ အကျဥ်းကျခံနေတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား ၂,၁၅၃ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးကြောင်း ဒီကနေ့မနက် ကြေညာခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေထဲက အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဇွန် ၃၀ ရက်နေ့ညနေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။
လွတ်မြောက်လာသူတွေဟာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူတွေပါ၀င်သလို စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက်ကူညီလို့ အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံထားသူတွေဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့နယ်အသီသီးမှာ အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီးထားသူ ၅၀ ကျော်ရှိနေပြီး အဲ့ဒီအထဲက အမှုစွဲတင်မရတဲ့ ၁၇ ဦးကို လွှတ်ပေးလိုက်တာပါ။