close

လားရှိုး

close

April 23, 2023

လားရှိုးတွင် နေအိမ်တလုံး မီးလောင်၊ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၅ ၊ နယ်မြေ ၄ မှာ နေထိုင်တဲ့ ဦးဆိုင်ခွက်နေအိမ် ဝါယာကြိုးရှော့ဖြစ်ရာက ဧပြီ ၂၃ မနက် ၇ ခွဲမှာ မီးလောင်သွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

မီးပျက်ပြီးနောက် မီးပြန်လာချိန် ဝါယာကြိုးရှော့ဖြစ်ရာက မီး‌လောင်သွားတယ်လို့သိရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ရွှေ ၃ ကျပ်သားနဲ့ ငွေသား ကျပ် သိန်း ၅၀ ပါသွားတယ်လို့ အိမ်ရှင်အမျိုးသမီးဆီက သိရပါတယ်။

မီးလောင်သွားတဲ့အိမ်ဟာ နှစ်ထပ်အိမ်ဖြစ်ပြီး အပေါ်ထပ်အားလုံး မီးထဲပါသွားပြီး အောက်ထပ်မှာ တေ့ာ ပစ္စည်းအချို့သာ မီးထဲပါသွားပေမဲ့ တခြားအိမ်ကို မီးကူးစက်တာမျိုး မရှိဘဲ ရပ်ကွက်နေသူ များက ဝိုင်းဝန်းမီးသတ်ပေးပြီး မီးငြိမ်းခါနီးမှ မီးသတ်ကားလာတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

မီးလောင်သွားတဲ့ အိမ်နဲ့ နီးစပ်သူတဦးက "မီးလောင်တဲ့အချိန် အိမ်ရှင်အမျိုးသမီးက အိမ်မှာမရှိဘူး။ အိမ်ရှင်အမျိုးသားက နေမကောင်းလို့ အိမ်အ‌ပေါ်ထပ်မှာ အိပ်နေတာ။ တော်သေးတယ်။ မီးလောင်တဲ့ထဲ သူပါမသွားလို့။ မီးလောင်သွားတာ စိတ်မကောင်းဘူး။ ဒီခေတ်မှာ အိမ်တလုံး ‌ပြန်ဆောက်ဖို့ဆိုတာ မလွယ်ဘူးလေ"လို့ ပြောပါတယ်။

27 mins Ago

March 24, 2023

လားရှိုးတွင် CDM ဝန်ထမ်း ၂ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်​​​မြောက်ပိုင်း၊ လားရှိုးမြို့က ကျန်းမာရေးဌာနက သူနာပြု CDM ဝန်ထမ်း ၁ ဦးနဲ့ ပညာရေးဌာနက ကျောင်းဆရာ CDM ဝန်ထမ်း ၁ ဦးတို့ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးကနေ မတ်လ ၂၃ ရက်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့နယ်တရားရုံးကနေ သူနာပြုဆရာမ မခင်ငြိမ်းချမ်းနဲ့ အလယ်တန်းပြဆရာ ဦးသန်းတိုးအောင်တို့ကို အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ်စီချလိုက်တာလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီ CDM ၂ ဦးက ဖေဖော်ဝါရီ  ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်သူရထွန်းက တရားလိုပြုလုပ်ကာ ပုဒ်မ- ၅၀၅ (က)နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

လားရှိုးအကျဥ်းထောင်မှာ စစ်တပ်အာဏာသိမ်းမှုကိုနည်းပေါင်းစုံနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံထားရသူ အမျိုးသားဦးရေ ၁၀၀ ကျော်နဲ့ အမျိုးသမီးဦးရေ  ၅၃ ဦးရှိကြောင်း ထောင်းတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

4 weeks Ago
Up