close

လိမ်လည်မှု

close

April 27, 2023

ချင်းမိုင်တွင် မြေကွက်ဝယ်သူ ၁,၀၀၀ နီးပါး အလိမ်ခံရ၊ ဘတ်သန်းပေါင်း ရာနှင့်ချီဆုံးရှုံး

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ အကွက်ရိုက်ပြီးရောင်းချတဲ့ မြေကွက်တွေကို အရစ်ကျဝယ်ယူသူပေါင်း ၁,၀၀၀ နီးပါး အလိမ်ခံရပြီး ဘတ်သန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဓိကတရားခံ နန်းဖိချမွန်း ဟွမ်ဟွန် (၄၃ နှစ်) ဆိုသူမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဘန်ကောက်အခြေစိုက် နာမည်ကြီး မြေယာရောင်းဝယ်ရေးကုမ္ပဏီတခု အမည်ကို အလွဲသုံးစားပြုပြီး ချင်းမိုင်နဲ့ လမ်းပွန်းခရိုင်ကြားက ဆာရဖီးမြို့နယ်ထဲမှာ မြေကွက်တွေကို အကွက်ရိုက်ပြီး ရောင်းချခဲ့ပါတယ်။

မြေကွက်ဈေးနှုန်းမှာ ၄ မီတာစတုရန်းပတ်လည်ကို ဘတ် ၅,၀၀၀ နှုန်းသာရှိပြီး ပထမ ၄၀ ရာခိုင်နှုန်း သွင်းပြီးရင် ကျန်တဲ့ငွေတွေကို အရစ်ကျ ၃၆ ကြိမ်ထိ ပေးသွင်းနိုင်ကြောင်း၊ ၃ လအတွင်း ရေ၊ မီး သွယ်တန်းပြီး ရွာလမ်းတွေပါ လုပ်ပေးမယ်၊ ပိုင်ရှင်ကိုယ်တိုင်ရောင်းတယ်၊ ဘဏ်ကနေ ကြားခံဖို့မလိုဘူး ဆိုပြီး အရောင်းကိုယ်စားလှယ်တွေနဲ့ လူမှုကွန်ရက်ကနေ ကြော်ငြာခဲ့သလို မြေကွက်ရှေ့မှာ ရုံးခန်းဖွင့်ကာ ရောင်းချပေးနေတာကြောင့် လူအများက စိတ်ဝင်တစား ဝယ်ယူခဲ့ပါတယ်။

ဝယ်ယူသူအများစုဟာ အသက်ကြီးလာရင် ကိုယ်ပိုင်ခြံလေးနဲ့ အေးဆေးစွာနေဖို့ ရည်ရွယ်တဲ့ ပညာရေး၊ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ စစ်တပ်နဲ့ ရဲဝန်ထမ်းတွေလည်း ပါသလို ကိုယ်ပိုင်အိမ်ရဖို့ အနှစ်နှစ်အလလ ငွေစုလာခဲ့တဲ့ လက်လုပ်လက်စား လူတန်းစားတွေလည်း ပါပါတယ်။

ဒါပေမဲ့ မြေဝယ်ဖို့ စာချုပ်ချုပ်ပြီး ၃ လကြာတဲ့အထိ ရွာလမ်းဖောက်တာလည်း မတွေ့၊ ရေမီးတွေလည်း သွယ်တန်းတာ မရှိတာကြောင့် အရောင်းကိုယ်စားလှယ်တွေ မေးမြန်းရာမှာ ကုမ္ပဏီကိုသာ တိုက်ရိုက်ဆက်သွယ်ဖို့ ပြောပါတယ်။

ကုမ္ပဏီနဲ့ ဆက်သွယ်လို့မရလို့ မြေစာရင်းရုံးကို သွားမေးရာမှာ အဆိုပါမြေကွက်တွေဟာ နန်းဖိချမွန်မှ ဝယ်ယူကြောင်း စာချုပ်ချုပ်ထားပေမဲ့ ‌ငွေအကုန်မရှင်းသေးလို့ မူလပိုင်ရှင် အမည်ပေါက်သာ ဖြစ်နေသေးကြောင်း၊ တချို့အကွက်တွေက ၁ ကွက်ကို သုံးလေးဦးထံ ရောင်းချထားတာ တွေ့ရတယ်၊ သူထုတ်ပေးတဲ့ မြေဂရံဟာလည်း စာရင်းရုံးမှာ အမည်မပေါက်ဘူးလို့ ဆိုပါတယ်။

ဝယ်သူဘက်ကနေ စာနာတဲ့ အရောင်းကိုယ်စားလှယ်တဦး ပြောပြချက်အရ နန်းဖိချမွန်းဟာ မူလမြေဧကပေါင်းများစွာကို ဝယ်ဖို့ စာချုပ်ထားပြီး မြေဖိုးအကုန်မရှင်းဘဲ အကွက်ရိုက်ရောင်းချလို့ ရတဲ့ငွေကနေပဲ သွားရှင်းကြောင်း၊ ငွေလည်ပတ်ဖို့ အလျင်မမီတဲ့ခါ ၁ ကွက်ထဲကို အခါအခါရောင်းချပြီး ဝယ်သူကသိသွားလို့ ပြဿနာတက်ရင် နောက်ထပ် အကွက်သစ်မှာ ပြန်အစားထိုးပေးတယ်၊ သူတို့ မူလရွေးထားတဲ့အကွက်မဟုတ်တော့ ငွေပြန်တောင်းရင် ပြန်မပေးဘဲ ရှောင်နေတာလို့ ဆိုပါတယ်။

ဝယ်သူအများစုဟာ ဒေသခံမဟုတ်ဘဲ ထိုင်းအလယ်ပိုင်းဘက်က ဖြစ်တာကြောင့် ပြဿနာ ဖြစ်နေတာကို မသိဘဲ အဝေးကနေ ယုံကြည်စွာ ငွေသွင်းနေကြောင်း၊ ခံရသူတွေအချင်းချင်း ချိတ်ဆက်မိကြရာမှာ နစ်နာသူတွေ ရာဂဏန်းထိရှိတာကြောင့် ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့အပတ်က ဘန်ကောက်ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးရဲဌာနချုပ်ကို သက်သေအထောက်အထားတွေနဲ့ သွားရောက်တိုင်တန်းခဲ့ကြကာ နန်းဖိချမွန်းမှာတော့ ထွက်ပြေး တိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

အဆိုပါမြေကွက်မှာ ပရောဂျက်ပေါင်း ၁၀ ခုရှိပြီး ၁ ခုကို မြေကွက်ပေါင်း ၇၀ မှ ၁၀၀ ထိ ရှိပါတယ်။ အလိမ်ခံရတဲ့အကြောင်း သတင်းထွက်ပေါ်ပြီး တခြားဝယ်ယူထားသူတွေလည်း တသုတ်ပြီးတသုတ် လာရောက်တိုင်တန်းထားရာမှာ လက်ရှိ အလိမ်ခံရသူပေါင်း ၉၀၀ ကျော် ၁,၀၀၀ နီးပါးရှိပြီး ဆုံးရှုံးငွေပမာဏမှာလည်း ဘတ်သန်းပေါင်းရာနဲ့ချီ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

13 hours Ago

March 21, 2023

မင်္ဂလာဒုံတွင် ရဟန်းအတုအယောင် ၆ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ သန္တိသုခလမ်းရှိ အဆောင် ၂ ခုမှာ ရဟန်းအယောင်ဆောင် အမျိုးသား ၆ ဦးကို မတ်လ ၁၉ ရက် ည ၁၀ နာရီ ဧည့်စာရင်းစစ်ချိန်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် အမျိုးသားတဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း အမျိုးသား ၆ ဦးဟာ သင်္ကန်းဝတ်ဆင်ပြီး ‘ချမ်းသာအောင်ကျောင်းတိုက်’ တံဆိပ်ပါ စာအိတ်တွေနဲ့ ရန်ကုန်က YBS ကားတွေ၊ ဈေးတွေမှာ လိုက်လံလိမ်ယူနေတာဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဲဒီအမျိုးသားတွေဟာ ဧရာဝတီတိုင်းကနေ ပြောင်းရွှေ့နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပြီး ၂၀၂၂ ခုနှစ်ကတည်းက အခုလို လိမ်ညာအလှူခံနေတဲ့သူတွေဖြစ်ကာ သူတို့ရဲ့ ဧည့်စာရင်းမှာတော့ ဆောက်လုပ်ရေး၊ ဈေးရောင်းဆိုပြီး ထည့်ထားတယ်လို့ ဆိုပါတယ်။

လိမ်လည်သူတွေဟာ အဆောင်နှစ်ခုမှာ ခွဲပြီးနေထိုင်ကြတာဖြစ်ပြီး အဆောင်ကိုပြန်လာတဲ့ အချိန်မှာတော့ လူဝတ်လဲပြီးမှ ပြန်လာတာဖြစ်ကာ အိမ်ရှင်က ဓာတ်ပုံနဲ့တကွ လာတိုင်တာဖြစ်ပြီး အားလုံးက ကတုံးတွေချည်းဖြစ်တဲ့အတွက် ခေါ်ယူစစ်ဆေးတဲ့ အခါမှာတော့ လှိုင်သာယာဘက်နဲ့ မြို့ထဲမှာ အလုပ်လုပ်တယ်လို့ လိမ်လည်ထွက်ဆိုကြတယ်လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

တာဝန်ရှိသူတွေက ရှာဖွေစစ်ဆေးရာမှာတော့ သင်္ကန်း ‌၁၄ စုံ၊ သံသပိတ် ၆ လုံးနဲ့ ရဟန်းရက်ချုပ်စာရွက် ၃ ခု၊ ကျပ်ငွေ ၁ သိန်းဝန်းကျင်နဲ့ ဖုန်း‌တွေကိုပါ သိမ်းဆည်းရမိခဲ့ပြီး တခြားအဖွဲ့ဝင်တွေ ရှိ၊ မရှိနဲ့ ပြစ်မှုတွေကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

1 month Ago
Up