ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မေလ ၈ ရက်က လိုင်စင်မဲ့ကားနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စတင်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘားအံမြို့ပေါ် ရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့တပတ်တည်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လိုင်စင်မဲ့ကားတွေနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စီးနင်းရင် ဖမ်းဆီးမယ်လို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာပြီးနောက် အခုလို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဘားအံမြို့မှာ အသုံးပြုနေတဲ့ မော်တော်ယာဥ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လိုင်စင်မဲ့ကားတွေ ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ လိုင်စင်ကားတွေကို အသုံးပြုနေကြတာပါ။
အရင်အစိုးရ အဆက်ဆက်တုန်းကလည်း အခုလို ဖမ်းဆီးတာမျိုးမရှိဘဲ စည်းကမ်းမဲ့ မောင်းနှင်တဲ့ လိုင်စင်မဲ့ကားတွေကိုသာ ဒဏ်ရိုက်တာမျိုးပဲ ရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေကြတဲ့အချိန်မှာ လိုင်စင်မဲ့ကားနဲ့ ဘေးတွဲဆိုင်ကယ်တွေကို အရေးယူမယ့်စီမံချက် စတင်လာတဲ့အတွက် မြို့နေလူထုအနေနဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်ကြောင်း ဘားအံစျေးအတွင်းမှ စျေးသည်တဦးက ဆိုပါတယ်။
ဒါ့အပြင် အခုလို ကြေညာချက်ထုတ်ပြီး မဖမ်းဆီးခင်တည်းက ဘားအံမြို့ပေါ်မှာရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေကို စစ်ဆေးရေးဂိတ်မှာရှိတဲ့ ရဲနဲ့ စစ်သားတွေက ဖမ်းဆီးနေတာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေအနေနဲ့ ငွေကျပ် ၈ သိန်းခန့် ပေးပြီးမှ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ပြည်မြို့မှာ၊ စစ်ကောင်စီတပ်နဲ့ ယာဥ်ထိန်းရဲတွေက လိုင်စင်မဲ့ကားတွေ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ အထိ အဓမ္မတောင်းခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လိုင်စင်မဲ့ (without) ကားစီးသူတွေကိုသာ စစ်ကောင်စီတပ်နဲ့ ယာဥ်ထိန်းရဲအဖွဲ့ဟာ ပစ်မှတ်ထား လိုက်လံဖမ်းဆီးနေကာ ငွေကြေး အဆမတန်တောင်းခံလေ့ရှိတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ယာဥ်ထိန်းရဲအဖွဲ့က ဒုရဲမှူး ဇော်လင်းသန့်က စစ်တပ်နဲ့ပေါင်းပြီး လုပ်စားတာ၊ ကားတစီးကို ကျပ် ၂၅ သိန်းကနေ သိန်း ၁၀၀ အထိ တောင်းတယ်။”
စစ်ကောင်စီတပ်အတွက် လိုင်စင်မဲ့ကားတွေကို ဖမ်းပြီး ငွေကြေးအဆမတန် တောင်းခံတာဟာ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လိုင်စင်မဲ့ကားတွေပါ ဖမ်းလာလို့ တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ဝန်ထမ်းတဦးက ပြောပါတယ်။
“တိုင်ချင်တိုင် မတိုင်ရင်နေ စောက်ဂရုမစိုက်ဘူး။ ဒုရဲမှူးက စစ်တပ်ကို လုပ်ကျွေးနေတာ။ အခုရက်ပိုင်းတောင် ကားတစီးကို ဖမ်းပြီး သိန်း ၅၀ တောင်းသွားတယ်။ စစ်တပ်က တပ်ကြပ်တဦးလည်းပါတယ်၊ သူက PSO လို့ပြောတယ်။”
လိုင်စင်မဲ့ကားတွေ ဖမ်းဆီးပြီး အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ငွေကြေးတောင်းခံတာတွေကို ပဲခူးတိုင်းအစိုးရအဖွဲ့ထံ ပြည်သူတွေက တိုင်ကြားပေမဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ပတ်သက်နေလို့ အရေးယူတာ မရှိဘူးလို့ ဌာနဆိုင်ရာဝန်ထမ်းက ပြောပါတယ်။
“သူတို့က တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းကို ရှာကျွေးနေတော့ ဘယ်သူမှမပြောရဲဘူး။ ဝန်ထမ်းအချင်းချင်းတောင် ပိုက်ဆံတောင်းတယ်။”
ပြည်မြို့မှာ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်နဲ့ တရားရေးကိစ္စတွေမှာ လာဘ်စားမှု၊ မုဒိမ်းမှု၊ အချင်းချင်း အပြန်အလှန်တိုင်ကြားမှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။