close

လိုင်းကြေး

close

March 30, 2023

မိုးကောင်းတွင် စစ်ကောင်စီက လိုင်းကြေးယူပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပြု

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာမှာ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း တရားမဝင် လောင်းကစားဝိုင်းတွေကို လိုင်းကြေးပေးဆောင်စေပြီး ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

လိုင်းကြေးယူပြီး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေ ပေါ်ပေါက်လာပြီးနောက် ကျေးရွာအတွင်း နေအိမ်အသုံးအဆောင်ပစ္စည်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ ပျောက်ဆုံးမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်းဘောဒေသခံ အမျိုးသားတဦးက “အရင်က အဲ့ဒီနေရာမှာ ဘိလိယက်ခုံပဲရှိတာ။ ၂၀၂၃ ခုနှစ်ကစပြီး အဲဒီနေရာမှာ လောင်းကစားဝိုင်းတွေ ဖြစ်သွားပြီ။ ရွာထဲလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေရှိတာ ဘာလို့ မဖမ်းလဲဆိုတော့ လောင်းကစားဝိုင်းတွေက လိုင်းကြေးတွေ ပေးထားတယ်၊ မဖမ်းဘူး။ လောင်းကစားဝိုင်းတွေ ပေါ်လာပြီးနောက် ဆိုင်ကယ်ပျောက်၊ နွားပျောက်တွေ အရင်ထက် ပိုများလာတယ်။ ကျနော်တို့ကတော့ ဒီလောင်းကစားဝိုင်းတွေ မရှိစေချင်ဘူး။ ဖမ်းဆီး အရေးယူစေချင်တယ်” လို့ ပြောပါတယ်။

တရားမဝင် လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ပြီးနောက် ပင်းဘောကျေးရွာအုပ်စုမှာ မတ်လအတွင်း နွား ၅ ကောင်နဲ့ ဆိုင်ကယ် ၈ စီးထက်မနည်း ပျောက်ဆုံးကာ ကျေးလက်ကျန်းမာရေးဌာနကို သွယ်တန်းထားတဲ့ မီးကြိုးတွေလည်း အခိုးခံခဲ့ရကြောင်း သိရပါတယ်။

“ကျနော်သိရသလောက် ဒီလထဲအတွင်းမှာပဲ နွား ၅ ကောင်ပျောက်တယ်။ ဆိုင်ကယ် ၈ စီး အခိုးခံရတယ်။ နောက်ပြီး ကျေးလက်ကျန်းမာရေးဌာနကို သွယ်ထားတဲ့ မီးကြိုးတွေ ဖြုတ်ခိုးခံရတယ်။ ဒီလောင်းကစားဝိုင်းတွေ ဖွင့်ပြီးနောက်မှ အဲ့လိုတွေ အခိုးခံရတာ။ အရင်က အဲ့လောက်ထိမဆိုးဘူး။ လောင်းကစားဝိုင်းတွေ အမြန်ဆုံး ပိတ်စေချင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အမှတ် ၄ ရပ်ကွက် ပင်းဘောဘူတာရုံအနီးမှာ ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီး၊ ဂျင်ဝိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုင်းကြေးယူပြီး မနက်ပိုင်းကစတင်ကာ ည ၁၁ နာရီလောက်အထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ထဲမှာ ပါဝင်တဲ့ ပင်းဘောကျေးရွာအုပ်စုဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ အမျိုးသား ၃,၇၈၇ ဦး၊ အမျိုးသမီး ၄,၄၁၂ ဦး၊ စုစုပေါင်း ၈,၁၉၉ ဦး နေထိုင်ကြောင်း သိရပါတယ်။

10 mins Ago

December 16, 2022

‌ညောင်တုန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းများပြုလုပ်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဒေသအတွင်းမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဟုတ်ကျေးရွာအုပ်စု အညာစုကျေးရွာက အုပ်ချုပ်ရေးမှူးဟာ ညောင်တုန်းမြို့မ ရဲစခန်းကို လိုင်းကြေးငွေပေးကာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြောင်း ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “ကျေးရွာအုပ်ချုပ်ရေးမှူးက အပိုင်နယ်ထိန်းရဲနဲ့ စခန်းမှူးကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင် ခွင့်ပြုထားတယ်။ ခေတ်ကာလက မကောင်းရတဲ့အထဲ အဲ့လိုခွင့်ပြုထားတော့ ကျေးရွာက လုံခြုံမှုမရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်မျိုးထိုက်ဟာ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ခြောက်ကောင် (ဂလုံး ဂလုံး) ဝိုင်းတွေဆီက အကောက်ငွေယူပြီး မြို့နယ်ရဲစခန်းမှူးနဲ့ ကျေးရွာအပိုင် နယ်ထိန်းတွေကို လိုင်းကြေးငွေပေးကာ လောင်းကစားဝိုင်းတွေကို ကျေးရွာအတွင်း တရားဝင် ခွင့်ပြုထားတာပါ။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ ချဲထီ၊ နှစ်လုံးထီနဲ့ လောင်းကစားဝိုင်းတွေကို လိုင်းကြေးရယူကာ တရားဝင်နီးပါး ခွင့်ပြုပေးထားပြီး စစ်ကောင်စီကို ဆန့်ကျင်တယ်လို့ သံသယရှိသူတွေကိုတော့ နေ့စဉ်နီးပါး လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

3 months Ago
Up