မန္တလေးတိုင်း မိုးကုတ်မြို့ လယ်ဦးကျောင်းက CDM ဆရာ၊ ဆရာမတွေကို ရွှံပန်းဝန်ထမ်းလိုင်းခန်း ကနေ အတင်းအကျပ်ဖယ်ရှားခိုင်းနေပြီး ကျောင်းပြန်မတက်ပါက စစ်ကောင်စီတပ်ကို သတင်းပေး လာဖမ်းခိုင်းမယ်ဆိုပြီး Non CDM အထက်တန်းကျောင်းအုပ်ဒေါ်စန်းစန်းဦးက ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
"လယ်ဦးကျောင်းက CDM ဆရာမတွေကို ဝန်ထမ်းလိုင်းခန်းကနေ စာထုတ်ပြီး ဖယ်ခိုင်းတယ်၊ CDM ဆရာမတွေကို ကျောင်းပြန်တက်ခိုင်းတယ်၊ မတက်ရင်စစ်သားတွေကို ခေါ်ပြီး ဖမ်းခိုင်းမယ်လို့ခြိမ်းခြောက်တယ်" လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အတင်းအကြပ်စာထုတ်ပြီး ဖယ်ရှားခိုင်းနေတဲ့ ကျောင်းအုပ်ဒေါ်စန်းစန်းဦးဟာ CDM မလုပ်တာကြောင့် အလယ်တန်းပြ ကျောင်းအုပ်ကနေ အထက်တန်းပြ ကျောင်းအုပ်ရာထူးကို ရရှိလာတာလို့ ဆိုပါတယ်။
ရွှံပန်းရပ်ကွက်က ဝန်ထမ်းလိုင်းခန်းမှာနေနေကြတဲ့ CDM ဆရာ၊ ဆရာမ ၁၀ ဦးရှိပြီး အတင်းအကျပ်ဖယ်ရှားခိုင်းနေတာကြောင့် နေထိုင်ဖို့ အခက်ခဲတွေရှိနေတယ်လို့ အကူညီပေးနေသူတဦးက ပြောပါတယ်။
"ဆရာမ ၂ ယောက်ကတော့ မောင်းထုတ်တဲ့ နေ့ကတည်းက နေရပ်ပြန်သွားတယ်။ ကျန်တဲ့ဆရာမ ၆ ယောက်ကတော့ မြို့ထဲမှာ အိမ်ငှားရှာဖွေနေနေရတယ်။ အဲ့မှာ ကျန်တဲ့ဆရာမတွေကတော့ အခြေအနေ ကြည့်နေနေရတယ်။"
မိုးကုတ်မြို့မှာ CDM ပညာရေးဝန်ထမ်း ၁၂၀၀ ကျော်ရှိခဲ့ရာကနေ Non CDM ပြန်လုပ်သွားတဲ့ ပညာရေးဝန်ထမ်းတွေ ရှိလာတာကြောင့် အခုအချိန်မှာ ၁၀၀၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ် အခြေခံပညာဆရာ၊ ဆရာမများ ကော်မတီအနေနဲ့ အခုလက်ရှိအခြေနေမှာ စာထုတ်ပြန်နိုင်တာကလွဲပြီး ဘာမှမလုပ်ပေးနိုင်သေးပဲ တော်လှန်ရေးကိုသာ ဦးစားပေးနေရတဲ့ကာလဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေ ကိုယ့်လုံခြုံရေးကိုယ် နေရာယူကြဖို့ မှာကြားထားတယ်လို့ သိရပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ဘုတလင်ဆေးရုံ ဝန်ထမ်း မိသားစုတွေကို ဘုတလင်ဆေးရုံအုပ်ဆရာဝန်က လိုင်းခန်းကနေ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းနေတယ်လို့ ဖယ်ရှားခံရတဲ့ ဆရာမတစ်ယောက်က DVB ကို ပြောဆိုပါတယ်။
"CDM မှာ ပါတဲ့ ဝန်ထမ်းတွေ လိုင်းခန်းကနေ ၄ လ ၂၇ ရက်နေ့ အပြီး ထွက်သွားဖို့ ဖိအားပေးပြောဆိုပါတယ်။ အခုထွက်သွာနေကြတဲ့ မိ သားစုတွေလည်းရှိတယ်။ နေရာအခက်အခဲတွေလည်း ရှိသလို၊ ပြောင်းရွှေ့ရတာ၊ ပစ္စည်းသယ်ယူဖိုရာ အခက်အခဲတွေလည်းရှိတယ်၊ ကားအခက်အခဲပေါ့။ တချို့မိသားစုတွေကတော့ ဒီနေ့ မနက်ပိုင်းမှာ တချို့က နီးစပ်ရာဆွေမျိုးတွေဆီ ပြောင်းရွှေ့ပေးကြပြီး တချို့ကတော့ ပြောင်းရွှေ့ရမယ့်နေရာ မရှိတဲ့အတွက် အခက်အခဲကြုံနေရတာလည်း ပါတယ်။”
ဘုတလင်မြို့ခံတွေဟာ ခုအချိန်မှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေရဲ့ အနိုင်ကျင့်ပစ္စည်းသိမ်းယူခံရတာတွေလည်းရှိပြီး အင်တာနက်၊ ဝိုင်ဖိုင်ဖြတ်တောက်ခံနေရတာနဲ့ PSI စလောင်းသိမ်းဆည်းခံရတာတွေ နေ့စဉ်ကြုံနေရတယ်လို့ ဆိုပါတယ်။