close

လိုအပ်

close

May 17, 2021

မင်းတပ်အတွက် အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဆုံးဖွင့်ရန် လိုအပ်

မင်းတပ်အတွက် အလံဖြူထောင်နိုင်တဲ့ အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဆုံးဖွင့်ဖို့ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြို့ပေါ်က ပြည်သူလူထု ၉၀ ရာခိုင်နှုန်းလောက်ဟာ တောထဲတောင်ထဲ အကာအကွယ်မဲ့ တိမ်းရှောင်ထွက်ပြေးနေကြရပြီး မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတချို့ကိုလည်း ထွက်ပြေးလို့မရအောင် အကြမ်းဖက်စစ်တပ်က လမ်းတွေပိတ်ထားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က "အခု မင်းတပ်အတွက် အရေးပေါ်လိုအပ်တာကတော့ NGO/INGO/UN တွေရဲ့ အကူအညီနဲ့ အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဖွင့်ပေးဖို့လိုအပ်တယ်။ အဲလိုအကူအညီတွေ နောက် ၃၊ ၄ ရက်အတွင်း မရဘူးဆိုရင် စစ်တပ်ရဲ့လက်နက်ကြောင့် သေတဲ့သူကသေ၊ အစာရေစာငတ်ပြတ်လို့၊ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ဒုက္ခရောက်မယ့်လူဦးရေ များလာမယ့် အခြေအနေမှာရှိတယ်။ အဲဒါကြောင့် ဖြစ်နိုင်လို့ရှိရင် အလံဖြူထောင်နိုင်တဲ့ စစ်ဘေးရှောင်စခန်းအမြန်ဆုံး ဖွင့်ဖို့လိုအပ်တယ်" လို့ ပြောပါတယ်။

မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အလွန်အကျွံ အင်အားသုံးဖြိုခွင်းတာ‌‌ကြောင့် ပြည်သူတွေအထိနာမှာစိုးပြီး နောက်ဆုတ်ပေးလိုက်ပေမဲ့ အကြမ်းဖက်စစ်တပ်ကတော့ ဆက်လက်ဖျက်ဆီး အကြမ်းဖက်နေတယ်လို့လည်း ဆိုပါတယ်။

"အိမ်ထဲဝင်ပြီး ချင်းရိုးရာပစ္စည်းတွေကို ခိုးယူကြတယ်။ အဘိုးအဘွားတွေနဲ့ အစောင့်တွေရှိတဲ့အိမ်တွေကိုဝင်ပြီးတော့ ငွေ၊ လက်ဝတ်ရာတနာ၊ နားကပ်၊ ဆွဲကြိုး၊ ဆိုင်ကယ် တွေ့သမျှအကုန်ယူတယ်။ ပြည်သူတွေရဲ့အိမ်တွေကို လက်နက်ကြီးငယ်တွေနဲ့ တမင်ဖျက်ဆီးနေတယ်။ စစ်ဘေးရှောင်ဦး‌ရေဟာ ၃၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိပြီး အမိုးမရှိ၊ အကာမရှိ၊ အခင်းမရှိ၊ ဒီအတိုင်း မြေကြီးပေါ်မှာပုဆိုးခင်းပြီး အိပ်နေရသလို စားဝတ်နေရေးလည်း အခက်အခဲရှိ‌နေတယ်လို့ ဆိုပါတယ်။

12 hours Ago

December 25, 2020

ဘားအံဆေးရုံကြီးတွင် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင် လိုအပ်နေ

ဘားအံပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အရေးပေါ်လူနာတွေအတွက် ဘားအံဆေးရုံကြီးကနေ ထုတ်ယူတဲ့ အောက်ဆီဂျင်နဲ့ လုံလောက်မှုမရှိဘူးလို့ ဘားအံဆေးရုံအုပ်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ အရေးပေါ်လူနာတွေဟာ ရောဂါအခြေအနေ ဆိုးဝါးတဲ့အတွက် အောက်ဆီဂျင်အများကြီးရှူနေရတာဖြစ်လို့ အောက်စီဂျင် လိုအပ်ချက်တွေရှိတယ်လို့ ဆိုပါတယ်။ ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “Positive လူနာအားလုံးပေါင်း ၃၀ ရှိတယ်။ အောက်စီဂျင်ပေးနေရတဲ့ လူနာက ၃၊ ၄ ဦးရှိတယ်။ ဘားအံဆေးရုံကြီးမှာရှိတဲ့ အောက်စီဂျင်စက်ကနေ ထုတ်ပေးတာနဲ့ မလုံလောက်ဘူး” လို့ ပြောပါတယ်။ ဘားအံဆေးရုံကြီး အောက်ဆီဂျင်ပလန့်ကနေ ထုတ်ယူရရှိတဲ့ ၄၀ လီတာအိုး တစ်ရက် အလုံး ၃၀ လောက်နဲ့ မလုံလောက်တဲ့အတွက် လူမှုကူညီရေးအသင်းတွေက တစ်ရက်အလုံး ၂၀ လောက် ကူညီပံ့ပိုးမှုတွေရှိတယ်လို့ ဆိုပါတယ်။ ဘားအံဆေးရုံကြီး သီးသန့်လူနာထားရှိတဲ့အဆောင်မှာ ကိုဗစ်-၁၉ လူနာတွေကို ကုသမှုပေးနေပြီး အောက်စီဂျင်စက်အကူအညီနဲ့ အသက်ဆက်ထားရသူတွေ၊ ရောဂါပြင်းထန်ပြီး ကွယ်လွန်သူတွေလည်း ရှိပါတယ်။ အောက်ဆီဂျင်လိုအပ်ချက်ကို  ပြည်နယ်အစိုးရနဲ့ အလှူရှင် ဝိသာခါဖောင်ဒေးရှင်း (ရန်ကုန်) တို့ ပူးပေါင်းပြီး  အောင်စီဂျင်ပလန့်စက်အသစ်ကနေ မတ်လကုန်မှာ စတင်ထုတ်ယူသုံးစွဲနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူကပြောပါတယ်။ ဘားအံမြို့နယ်အတွင်း စောင့်ကြည့်လူနာတွေကို မူးယစ်ဆေးဖြတ်စခန်း၊ ဘားအံတက္ကသိုလ်၊ စံဖရီးတန်ဖိုးနည်းအိမ်ရာ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေမှာ Facility Quarantine စင်တာဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်လူနာ ၃၀၀ နီးပါးရှိပါတယ်။ ကရင်ပြည်နယ်အတွင်း ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ မတ်လကစတင်ပြီး ပြည်နယ်တွင်းနေထိုင်သူ ရောဂါပိုးတွေ့ရှိသူ ၁၁၀၀ နီးပါးနဲ့ တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက လာရောက်သူတွေဆီက ပိုးတွေ့ရှိသူ ၁၀၀ နီးပါးရှိတယ်လို့ ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။ ပြည်နယ်အတွင်း မြို့နယ် ၇ နယ်မြိုနယ်က စောင်ကြည့်စင်တာတွေမှာ စောင့်ကြည့်လူနာက ၃၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ ရဲမင်းခေါင်
5 months Ago
Up