close

လီဆူပြည်သူ့စစ်စခန်း

close

July 28, 2022

ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်စခန်းအား ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်စခန်းကို ဇူလိုင် ၂၈ ရက် မနက် ၂ နာရီလောက်မှာ တိုက်ခိုက်ဖျက်ဆီးလိုက်တယ်လို့ ကေအိုင်အေ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဦးရွှေမင်း ဦးဆောင်တဲ့ ဒူးလေးလီဆူပြည်သူ့စခန်းကို ဒီမနက်အစောပိုင်း တိုက်ခိုက်ဖျက်ဆီးလိုက်ပြီ။ လက်နက်တွေလည်း သိမ်းထားတယ်။ တချို့က ထွက်ပြေးသွားတယ်။ ပြည်သူ့စစ်စခန်းပဲ မဟုတ်ဘူး၊ ဝိုင်းမော်မြို့နယ်တလျှောက် စစ်ကောင်စီ စစ်သားတွေကို မောင်း‌ထုတ်ခဲ့တာ ဖြစ်ပါတယ်။”

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းက ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဝူယန်လီဆူပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲဖြစ်ရာအနီးနေ ရွာခံတဦးက ပြောပါတယ်။

“လက်နက်ကြီးသံတွေကြားလို့ လန့်ပြီး အိပ်ရာတောင်နိုးတယ်။ ဝူယန်‌မှာရှိတဲ့ ပြည်သူ့စစ်စခန်းကို လာတိုက်တာ။ ဒီစခန်းက ရွာလယ်မှာ ရှိတာလေ။ နာရီကြည့်တော့ မနက် ၂ နာရီရှိနေပြီ၊ ၃ လောက်မှာတော့ ငြိမ်သွားတယ်။”

ကေအိုင်အေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီဘက်က ဇူလိုင်လအတွင်း အကြိမ်ကြိမ်ထိုးစစ်ဆင်ရာမှာ လီဆူပြည်သူ့စစ်အဖွဲ့က လမ်းပြဦးဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူပြည်သူ့စစ်တပ်ဖွဲ့ဟာ ဝိုင်းမော်မြို့နယ်အတွင်း မူးယစ်ဆေး အရောင်းအဝယ် ပြုလုပ်သူတွေကို ဖမ်းဆီးတဲ့ ကေအိုင်အေ အရာရှိတဦးကိုလည်း ပြီးခဲ့တဲ့ ဇွန်လက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၀ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ် နန်ဇော်ယန်တိုက်ပွဲမှာလည်း ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်က စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကေအိုင်အေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အကျအဆုံးများတာကြောင့် စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

3 mins Ago
Up