ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ ဝယ်ယူနိုင်စွမ်းရှိတဲ့ ကစားသမားမဟုတ်ကြောင်း အင်္ဂလန်နဲ့ အာဆင်နယ် နောက်ခံလူဟောင်း မာတီကီယွန်က သုံးသပ်ပြောပါတယ်။
အင်္ဂလန်ကွင်းလယ်လူ ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၁၀၀ ဝန်းကျင် သတ်မှတ်ထားပြီး အဲဒီပမာဏဟာ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့အတွက် ဈေးကြီးလွန်းနေကြောင်း ကီယွန်က ပြောပါတယ်။
ဒက်ကလန်ရိုက်စ်ဟာ အာဆင်နယ် သဘောကျတဲ့ ကစားသမားဖြစ်ပေမဲ့ သုံးစွဲရမယ့် ငွေကြေးပမာဏကို ထည့်တွက်မယ်ဆိုရင် ဈေးကြီးလွန်းနေကြောင်း အာဆင်နယ်ရဲ့ စီးပွားရေး ပေါ်လစီအရ မဖြစ်နိုင်သလို တတ်နိုင်တဲ့ ပြောင်းရွှေ့ကြေးလည်း မဟုတ်ကြောင်း မာတင်ကီယွန်က ပြောပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းအတွက်လည်း အလားတူဖြစ်ပြီး ခေါ်ယူဖို့ တတ်နိုင်တဲ့ အသင်းမဟုတ်ကြောင်း မာတင်ကီယွန်က ပြောပါတယ်။
အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရလာခဲ့လို့ ဝင်ငွေတိုးလာမှာမှန်ပေမဲ့ ဒက်ကလန်ရိုက်စ်အတွက် တတ်နိုင်တဲ့ငွေကြေးအင်အား မရှိနိုင်ကြောင်း မာတင်ကီယွန်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ အယ်လစ်စတာကို ခေါ်ယူဖို့ အခွင့်အရေး အကောင်းဆုံးအသင်း ဖြစ်လာပါတယ်။
အသက် ၂၄ နှစ်ရှိ အာဂျင်တီးနားကွင်းလယ်လူဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ထိပ်တန်းအသင်းတွေက အပြိုင်ခေါ်ယူလိုနေကြတာပါ။
လက်ရှိအခြေအနေမှာတော့ မက်အယ်လစ်စတာရဲ့ ဖခင်ဖြစ်သူလည်းဖြစ်၊ ကိုယ်စားလှယ်လည်း ဖြစ်သူ ကားလို့စ်ဟာ လီဗာပူးအသင်းနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အယ်လစ်စတာကို ခေါ်ယူဖို့ မန်ချက်စတာမြို့ခံနှစ်သင်းကလည်း စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အနည်းဆုံး ပေးချေရနိုင်တယ်လို့ ဆိုပါတယ်။
ဘရိုက်တန်အသင်းဟာ လီဗာပူးကနေ ထွက်ခွာမယ့် ဂျိမ်းစ်မီလ်နာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ စီစဉ်ထားတာပါ။
လီဗာပူးအနေနဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ရီးယဲလ်မက်ဒရစ်နဲ့အပြိုင် ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် အယ်လစ်စတာနဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။