တရုတ်နိုင်ငံမှာ ထောင်ဒဏ်ငါးနှစ် ကျခံခဲ့ရချိန်က အတင်းအကျပ် ခိုင်းစေခံရပြီး သိုးနေတဲ့ စားစရာတွေကို သည်းခံစားခဲ့ရကြောင်း၊ ကိုယ်ထိလက်ရောက် နှိပ်စက်တာတော့ မခံခဲ့ရဘူးလို့ ထိုင်ဝမ်တက်ကြွလှုပ်ရှားသူ လီမင်းချေက မေ ၁၀ ရက်မှာ ပြောပါတယ်။
ဒေသကောလိပ် ကျောင်းဆရာနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လီဟာ တရုတ်ပြည်မကြီးကို ၂၀၁၇ မှာ သွားရောက်လည်ပတ်ချိန်က ပျောက်သွားခဲ့တာပါ။
အဲဒီနှစ် နှောင်းပိုင်းမှာတော့ တရုတ်တရားရုံးက သူ့ကို အဖျက်အမှောင့်လုပ်ရပ်အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အရင်လက ထောင်ကနေ ပြန်လွတ်လာပြီး ထိုင်ဝမ်ကို ပြန်ရောက်လာတာပါ။
လီဟာ ထောင်ကျခံနေရချိန်က တရက်ကို ၁၂ နာရီထိ ဖိနပ်နဲ့ လက်အိတ်တွေ အပါအဝင် အဝတ်တွေကို အတင်းချုပ်ခိုင်းခံရတယ်လို့ ထိုင်ပေမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ နားခွင့် ရက်နည်းနည်းပဲ ရတဲ့အပြင် ထောင်သားအများစုနဲ့ စကားပြောခွင့် မရဘူးလို့ ဆိုပါတယ်။
သူဟာ အရိုက်မခံရ၊ အနှိပ်စက် မခံရပေမဲ့ တရုတ်အစိုးရရဲ့ ပြန်ပေးဆွဲထားတာ ခံရသလို ခံစားရတယ်လို့လည်း လီက ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး သူ့ထိန်းချုပ်မှုအောက်ကို ပြန်ရောက်ဖို့ အင်အားသုံးမှုကို ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ ပြောထားပါတယ်။
ဒီမိုကရေစီနည်းစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကလည်း တရုတ်ပြည်မကြီးအစိုးရရဲ့ ကွန်မြူနစ်ပါတီက အုပ်ချုပ်တာကို ခံဖို့ စိတ်ဝင်စားကြောင်း မပြခဲ့ဖူးပါဘူး။