အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်ကို ရောက်ရှိနေတဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ ရုရှားကျူးကျော်စစ်အရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသ တရုတ်ရဲ့အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု သတင်းစာရှင်းလင်းရာမှာတော့ ဘိုင်ဒင်က လက်ရှိ ရုရှား-ယူကရိန်းစစ်ကြောင့် ဥရောပကို အဓိကအာရုံစိုက်နေရပေမဲ့ အမေရိကန်အနေနဲ့ အင်ဒို-ပိစိဖိတ် မဟာဗျူဟာ အကောင်အထည်ဖော်မှုကို ထောက်ခံကြောင်း ပြောပါတယ်။
ဘိုင်ဒင်က “စင်ကာပူဟာ ပိစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝရေးအတွက် နှစ်ပေါင်းများစွာ ကူညီပေးတဲ့ မဟာဗျူဟာ မိတ်ဘက်နိုင်ငံပါ။ အခုရော၊ နောက်ရော အဲဒီအတိုင်း မိတ်ဘက်အနေနဲ့ အရေးပါနေလိမ့်မယ် ကျနော်ထင်ပါတယ်။ အခု ဥပဒေစည်းမျဉ်းအပေါ် အခြေခံတဲ့ ကမ္ဘာ့အစီအစဉ်ဟာ စိန်ခေါ်ခံနေရတယ်။ ရုရှားကျူးကျော်စစ်ဟာ ယူကရိန်းကိုသာမက ဥရောပကိုပါ အန္တရာယ်ပြုနေတာ။ ကျနော်မြင်တာ အင်ဒို-ပစိဖိတ်ဒေသအတွက်ပါ အန္တရာယ်ရှိတယ်လို့ မြင်တယ်။ နောက်ဆုံး ဥပဒေစည်းမျည်း အခြေပြုတဲ့ နိုင်ငံတကာ အစီအစဉ်ကိုပါ တိုက်ခိုက်လာတာပါ။ ဒီနေရာမှာ ယူကရိန်းကို ထောက်ခံပေးတဲ့ ဝန်ကြီးချုပ်နဲ့ စင်ကာပူပြည်သူတွေကို ကျေးဇူးတင်တယ်။ ခင်ဗျားဟာ မူရှိတဲ့သူ၊ ရှေ့ကို တိုးတက်ဖို့ လုပ်ဆောင်နေသူလို့ ကျနော်မြင်ပါတယ်” လို့ ပြောပါတယ်။
ဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေ (မြန်မာမပါ) ကို ဝါရှင်တန်ကိုဖိတ်ပြီး ထိပ်သီးအစည်းအဝေး ဒီအပတ်ထဲ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အခြားအကြောင်းတွေကြောင့် ရက်ရွှေ့ဆိုင်းထားခဲ့ပါတယ်။