ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးအတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ပေါင်သန်း ၃၀ လက်ငင်းနဲ့ ထပ်ဆောင်းဆုကြေး ပေါင် ၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာထားပေမယ့် ဘိုင်ယန်ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၄၃ သန်း ပေးချေမှ ထွက်ခွာခွင့်ပြုဖို့ရှိပါတယ်။
ဘိုင်ယန်အသင်းဟာ တိုက်စစ်ပိုင်းအတွက် လီဗာပူးတိုက်စစ်မှူး မာနေးကို ခေါ်ယူထားပြီး အသင်းကနေ ထွက်ခွာချင်နေတဲ့ လီဝန်ဒေါစကီးကို လက်လွှတ်ပေးဖို့ ရှိပါတယ်။
အသင်းအားကစားဒါရိုက်တာ ဟတ်ဆန်ကတော့ လီဝန်ဒေါစကီးကို ဆက်ထိန်းချင်ပေမယ့် အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမားတွေကို ရောင်းထုတ်သွားမယ်လို့ တရားဝင်ပြောထားပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတွေ အပြိုင်ကြိုးပမ်းနေကြပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တိုးတော့မှာမဟုတ်ဘဲ အသင်းကနေ ထွက်ခွာမယ်လို့ တရားဝင်ကြေညာထားတာပါ။
အသက် ၃၃ နှစ်ရှိ လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိထားကြောင်း သတင်းထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ အဆင်မပြေ ဖြစ်နေတာပါ။
ဒီအခြေအနေကို ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတွေက စောင့်ကြည့်နေပြီး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ အပြိုင်ကမ်းလှမ်းသွားဖို့ ရှိနေတာပါ။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူရဲ့နေရာမှာ အစားထိုးဖို့အတွက် လီဝန်ဒေါစကီးကို ခေါ်ယူလိုနေတယ်လို့ ဂျာမနီသတင်းစာ Bild က ဖော်ပြပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ ကြိုးပမ်းမှုကိုတော့ လီဝန်ဒေါစကီးဘက်က စိတ်ဝင်စားမှုနည်းနေပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဦးစားပေး ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။