close

လုပ်ကြံခံရမှု

close

May 24, 2022

အီရန်တော်လှန်ရေးအစောင့်တပ်အရာရှိ လုပ်ကြံခံရမှု လက်စားချေမည်ဟု သမ္မတ ကတိပြု

အီရန်တော်လှန်ရေး အစောင့်တပ်အရာရှိ ဗိုလ်မှူးကြီး ဆာယဒ် ခိုဒိုင် တီရန်မြို့တော်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် လက်စားချေမယ်လို့ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီက မေ ၂၃ရက်မှာ ကတိပြုလိုက်ပါတယ်။

ကြီးမြတ်တဲ့ အာဇာနည်အပေါ် ရာဇဝတ်သားတွေက ပြုခဲ့တဲ့ သွေးကြွေးအတွက် သေချာပေါက် လက်စားချေမယ်ဆိုတာ  သံသယမရှိဘူးလို့ ရိုင်စီက ပြောပါတယ်။

မော်တော်ဆိုင်ကယ် စီးလာတဲ့ လူ ၂ ယောက်က ခိုဒိုင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ အီရန်အစိုးရ မီဒီယာတပိုင်းဖြစ်တဲ့ တက်စ်နင်မ်က မေ ၂၂ ရက်မှာ ဖော်ပြပါတယ်။

အစ္စရေးထောက်လှမ်းရေးကွန်ရက်က အဖွဲ့ဝင်တွေကို အီရန်အစောင့်တပ်က တွေ့ရှိ ဖမ်းဆီး ထားတယ်လို့ အီရန်အစိုးရမီဒီယာ တပိုင်းဖြစ်တဲ့ ISNA သတင်းဌာနက ဖော်ပြပါတယ်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ကို ကြီးကြပ်တဲ့ အစ္စရေးဝန်ကြီးချုပ်ရုံးကတော့ မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

ခိုဒိုင်းဟာ ကာကွယ်စောင့်ရှောက်သူတွေထဲက တဦးလို့ တက်စ်နင်မ်သတင်းဌာနက ဖော်ပြ ပါတယ်။ ကာကွယ်စောင့်ရှောက်သူဆိုတဲ့ အသုံးအနှုန်းဟာ အီရတ် ဒါမှမဟုတ် ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ ရှီးယိုက်မွတ်စလင်ဆိုင်ရာ နေရာတွေကို ကာကွယ်ဖို့ အီရန်ကိုယ်စား တိုက်ခိုက်ရေး ပြောဆိုပေးတဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အကြံပေးပုဂ္ဂိုလ်တွေကို ရည်ညွန်းတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

2 mins Ago

August 16, 2021

ဦးဟန်သာ လုပ်ကြံခံရမှု ဥပဒေနှင့်အညီ ဖြေရှင်းမည်ဟု အန်ဒီအက်ဖ်ပါတီ ပြော

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကယားပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာ လုပ်ကြံသတ်ဖြတ်ခံရမှု ဥပဒေနဲ့အညီ ဖြေရှင်းသွားမယ်လို့ ပါတီက ထုတ်ပြန်လိုက်ပါတယ်။

ကိုယ်ကျိုးမဖက်နိုင်ငံအတွက် တာ၀န်ထမ်းဆောင်နေတဲ့  နိုင်ငံရေးသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အနာဂတ်နိုင်ငံရေးအတွက် ရင်လေးဖွယ် ဖြစ်လာလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်က) က ဩဂုတ် ၁၆ ရက် ထုတ်ပြန်ချက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ် ၁၃ ရက်နေ့က အန်ဒီအက်ဖ်ပါတီ၊ အရန်ဗဟို အလုပ်အမှုဆောင်ကော်မတီ၀င်နဲ့ ကယားပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာဟာ လွိုင်ကော်မြို့မှာ  လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးဟန်သာဟာ ဒီမိုကရေစီပါတီကြီးတစ်ခုမှာ နှစ်ပေါင်းများစွာ နိုင်ငံရေးတာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က အန်ဒီအက်ဖ်ပါတီကို ပြောင်းရွှေ့ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးသမားဟောင်းကြီးတစ်ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်စွဲကိုင်တိုက်ပွဲ၀င်မှ  မိမိတို့ယုံကြည်ရာလမ်းစဉ် အောင်မြင်မယ်လို့ ယူဆပြီး ကိုယ်ယုံကြည်ရာ ဆောင်ရွက်နေကြတဲ့အပေါ် ဝေဖန်ဖို့ အကြောင်းမရှိကြောင်း၊ ဒါပေမဲ့  အပြစ်မဲ့၊ လက်နက်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက် လုပ်ကြံ သတ်ဖြတ်တာဟာ တရားနည်းလမ်းမကျသလို လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အကြမ်းဖက်လူသတ်ဝါဒဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းသာ ဖြစ်တာကြောင့် ပြည်သူလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို  အကြမ်းဖက်နည်းလမ်းနဲ့ ထူထောင်နိုင်မှာမဟုတ်ကြောင်း၊ အန်ဒီအက်ဖ်ပါတီအနေနဲ့လည်း  ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံရေးနည်းလမ်းနဲ့သာ ကျင်သုံးသွားမယ်လို့ ထုတ်ပြန်ထးပါတယ်။

အန်ဒီအက်ဖ် ပါတီအနေနဲ့ ဦးဟန်သာ လုပ်ကြံသတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမယ်လို့  ဖော်ပြထားပါတယ်။

အသက် ၇၀ အရွယ် ဦးဟန်သာဟာ ဩဂုတ် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ နေအိမ်မှာ တီဗွီပြင်ဖို့ဆိုပြီး လာတဲ့ လူ ၄ ဦးက ဓားနဲ့ထိုးသတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ သိရပါတယ်။

9 months Ago
Up