close

လုပ်သားရှားပါး

close

June 14, 2022

မလေးရှားနိုင်ငံတဝန်း ဆီအုန်းခြံများတွင် လုပ်သားရှားပါးမှု ကြုံတွေ့နေရ

ကမ္ဘာ့ဒုတိယအကြီးဆုံး ကုန်စည်ထုတ်လုပ်သူ မလေးရှားနိုင်ငံမှာ ဆီအုန်းခြံပိုင်ရှင်တွေဟာ နိုင်ငံတဝန်း လုပ်သားရှားပါးမှုကို ကာလကြာရှည် ကြုံတွေ့နေရပါတယ်။

ရွှေ့ပြောင်းလုပ်သား ရှားပါးပြတ်လပ်မှုဟာ စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေကနေ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးအထိ သက်ရောက်နေတာပါ။

“အရင်က ကျနော်တို့ တလနှစ်ကြိမ်ခူးနိုင်တယ်၊ ခုတော့ တလတကြိမ်ပဲ။ သီးနိုင်စွမ်းအရ ကျနော်တို့ တခါခူးရင် တန်ချိန် ၂၅၀ လောက်ထိ ရနိုင်တယ်။ တကယ်လို့ အလုပ်သမားတွေ ပိုရှိလာရင် ကျနော်တို့ တန်ချိန် ၃၀၀ ကျော်လောက် ရနိုင်လိမ့်မယ်။ ခုတော့ တန် ၅၀ လောက် ဆုံးရှုံးတာပေါ့” လို့ ဆီအုန်းခြံရှင် မို့ဒ် ရှာဝါ ဟေးဇမ် ရှေးဖေးက ပြောပါတယ်။

မလေးရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း၊ စိုက်ခင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်သမား ၁.၂ သန်း ထက်မနည်း လိုအပ်နေတာပါ။

ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလို့ ၀ယ်လိုအား များလာတာနဲ့အမျှ လုပ်သားလိုအပ်ချက်က နေ့စဥ် ပိုဆိုးလာနေတယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ပြထားပါတယ်။

လုပ်သားရှားပါးမှု ဆက်ရှိနေရင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှု၊ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပြိုင်ဘက်အင်ဒိုနီးရှားရဲ့ ဝါဒတွေကြောင့် ကုန်ပစ္စည်း စျေးတက်တာကို အသုံးချနိုင်မှာ မဟုတ်ဘူးလို့ လေ့လာဆန်းစစ်သူတဦးက သတိပေးခဲ့ပါတယ်။ 

ဆီအုန်းစိုက်ပျိုးသူတွေဟာ နောက်ထပ်ဝင်ငွေ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ လျော့သွားနိုင်တယ်ဆိုတာ မလေးရှား ဆီအုန်းကောင်စီ MPOC က ပြောကြားထားပါတယ်။

ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ရဲ့ အဓိကအချက်အချာဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံ မလေးရှားဟာ  သူ့ရဲ့ စိုက်ခင်းတွေအတွက်သာမက ဆီမီးကွန်ဒတ်တာချစ်ပ်တွေနဲ့ ဆေးဘက်ဆိုင်ရာ လက်အိတ်တွေလို ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ သန်းချီတဲ့ ရွှေ့ပြောင်းလုပ်သား တွေအပေါ်  မှီခိုနေရပါတယ်။ 

လုပ်သားရှားပါးမှုဟာ မလေးရှားရဲ့ ၀င်ငွေ ပမာဏကို ဒီထက်ပိုပြီး ဆိုးရွားလာစေနိုင်တယ်လို့ နိုင်ငံရေး စွန့်စားရမှု အတိုင်ပင်ခံဌာန  BowerGroupAsia ရဲ့ အကြီးတန်း အကဲဖြတ် အာရီနာ နက်ဂျ်ဝါ အာမဒ် ဆာအိက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံခြားသား လုပ်သားခေါ်ယူမှု ရပ်ဆိုင်းထားတာကို ဖေဖော်ဝါရီ လထဲမှာ ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် အလုပ်သမား အကာအကွယ်ပေးရေးအတွက် အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေနဲ့ နှစ်ရှည်လများ စေ့စပ်ညှိနှိုင်းနေပေမယ့် မလေးရှား အစိုး်ရဲ့ ခွင့်ပြုချက်တွေ နှေးကွေးနေတာတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ သိသိသာသာ ပြန်မလာကြသေးဘူးလို့ စက်မှုအသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေနဲ့ သံတမန်တွေက ပြောခဲ့ကြပါတယ်။ 

5 mins Ago

July 3, 2020

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြင်ဦးလွင်က စိုက်ပျိုးရေးခြံများတွင် လုပ်သားရှားပါးနေ

ကိုဗစ်-၁၉ ရောဂါကပ်ဘေး အခြေအနေကြောင့် ပြင်ဦးလွင်မြို့နယ်အတွင်းက စိုက်ပျိုးရေးခြံတွေမှာ အလုပ်လုပ်ကိုင်မယ့် လုပ်သားတွေ ရှားပါးနေလို့  စိုက်ပျိုးရေးတောင်သူတွေ အခက်ကြုံနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကနေ ပုံမှန်ဝင်ငွေမရနိုင်တာနဲ့  ပြည်ပနိုင်ငံတွေမှာ လုပ်အားခ နှစ်ဆပိုရနိုင်တဲ့အတွက် လူငယ်လူရွယ်တွေဟာ အိမ်နီးချင်းပြည်ပနိုင်ငံတွေကို ထွက်ပြီး  အလုပ်လုပ်ကိုင်နေကြတာကြောင့်  ကိုဗစ်ရောဂါ ကပ်ဘေး မတိုင်ခင်ကာလကတည်းက လုပ်သားရှားပါးနေတာဖြစ်ပါတယ်။ Organic နာနတ် စိုက်ပျိုးတောင်သူ တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းညွန့်က"ကိုဗစ် မဖြစ်ခင် ကာလတုန်းကတော့ ပြင်ဦးလွင်မဟုတ်ပဲနဲ့ မြန်မာပြည်အောက်ပိုင်းဒေသပေါ့ မြင်းခြံ၊ နွားထိုး၊ တောင်သာ အဲ့လိုဒေသကနေပြီးတော့ ဒီ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို လာတဲ့လုပ်သားတွေ ရှိတယ်၊ အဲ့ဒီလူတွေလာခဲ့သေးတယ်။ ခုကိုဗစ်အလွန်ကာလမှာတော့ အသွားအလာကန့်သတ်တဲ့ကိစ္စတခု ကြောင့်ပေါ့လေ။၊ ဟိုက အသစ်လာရင် ဒီဘက်မှာ ကွာရန်တင်း ဝင်ရမယ်၊ အဲ့လိုမျိုးတွေကြောင့် အရင်လာတဲ့ ရာခိုင်နှုန်း တစ်ဝက်လောက်ပဲ လာတော့တယ်။ စိုက်ပျိုးရေးမှာက right time ဆိုတဲ့ စကားလုံးတစ်ခုရှိတာပေါ့နော်။ အချိန်မီလုပ်ရမယ်။ သူက ရင့်မှည့်လာပြီး၊ ဒီချိန်မှာ ရိတ်သိမ်း ခူးဆွတ်မှပဲ ပိုက်ဆံရမှာကိုး။ အဲ့တော့ လုပ်သားမရရင်လည်း ကိုယ့်မှာရှိတဲ့ မိသားစုလုပ်သားကို တစ်ခါ အရင်းပြုပြီးတော့ပဲ လုပ်ရတာပဲ။ လုပ်ရတော့ တခြားနောက်ဆက်တွဲ ရိတ်သိမ်းချိန် နောက်ပိုင်းလုပ်ရမယ့် အလုပ်တွေကို ဦးစားပေး မလုပ်နိုင်တော့ဘူးပေါ့။" လို့ ပြောပါတယ်။ လုပ်သားရှားပါးမှုရဲ့ နောက်ဆက်တွဲ‌ အနေနဲ့ လုပ်သားငှားရမ်းခ စားရိတ် ကြီးမားလာတာနဲ့ လူအစားထိုး ဓာတုဆေးသုံးစွဲမှုတွေ မြင့်တက်လာပြီး ခြံပိုင်ရှင်၊အလုပ်သမားနဲ့ မြေဆီလွှာကို ဓာတု အဆိပ်သင့်မှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ လုပ်သားတွေ ငှားရမ်းမရတာကြောင့် ရိတ်သိမ်းချိန်လွန်ပြီး သီးနှံတွေမပျက်စီးစေဖို့ စိုက်ပျိုးရေး တောင်သူတွေအနေနဲ့ မိသားစုအင်အားနဲ့ ရိတ်သိမ်း ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် လုပ်သားတွေရှိရာ ဒေသတွေအထိ သွားရောက်ခေါ်ဆောင်နိုင်ခြင်း မရှိသေးဘဲ ရှိတဲ့လုပ်သားတွေကို ကိုဗစ်မတိုင်ခင်ကာလထက် လုပ်အားခပိုပေး ခေါ်ယူနေရတယ်လို့ သိရပါတယ်။ ကိုဗစ် မတိုင်ခင်ကာလက အမျိုးသားလုပ်သား တစ်ဦးကို ကျပ် ၈၀၀၀ လောက်နဲ့ အမျိုးသမီး လုပ်သားတစ်ဦးကို ကျပ် ၅၀၀၀ လောက်သာ ပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ နဂါးမောက်စိုက်ပျိုးတဲ့ တောင်သူ  ဦးထွန်းစိန်က" ခြံကြီးသမားတွေဆိုရင်တော့ တော်တော်လေး နစ်နာ‌တာပေါ့‌ဗျာ ၊ဒီလုပ်သားရှားပါးတဲ့ ပြဿနာတွေက ဘယ်မှာမှလည်း ခေါ်မရ ၊ခုဆိုပန်းဖြတ်တဲ့ရာသီဆိုရင် ကျနော်တို့ မနက်ခြောက်နာရီကနေ စပြီးတော့ ဒီ ညနေပိုင်းထိဆိုရင် ရှစ်ထောင် တစ်သောင်းလောက်ကိုပေးနေရတာ မိန်းကလေးဆိုရင်၊ အမျိုးသားဆိုရင်တော့ တစ်သောင်းအထက်ပဲ ပေးရတာ၊ ခုကတော့ ကျနော်တို့က အတတ်နိုင်ဆုံးပေါ့၊ဒီ အလုပ်သမားရဖို့ရာ ကို သူ့တို့ ဆန္ဒ လိုက်လျောပြီးတော့ ငွေပေးတန်ပေး ကြိုငွေလေးတွေ ပေးထားတာပေါ့ဗျာ။" လို့ပြောပါတယ်။ ပြင်ဦးလွင်မြို့လူထုရဲ့  ၇၅ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးတောင်သူတွေ ဖြစ်ပြီးကျန်တဲ့ ၂၅ ရာခိုင်နှုန်းလောက်ကတော့ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
2 years Ago
Up