close

လုပ်သားအိမ်ရာ

close

February 3, 2023

ခရိုင်းမီးယားတွင် ဆောက်လုပ်ရေးလုပ်သားအိမ်ရာ မီးလောင်ပြီး ၈ ဦးသေဆုံး

ခရိုင်းမီးယားဒေသရှိ ဆောက်လုပ်ရေးလုပ်သားတွေ နေထိုင်တဲ့ ယာယီအိမ်ရာမှာ မီးလောင်မှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၈ ဦး သေဆုံးသွားကြောင်း ရုရှားခန့်အပ်ထားတဲ့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂ ရက် မနက်မှာ ပြောပါတယ်။

ခရိုင်းမီးယားမြို့တွေဖြစ်တဲ့ ဆီဗက်စ်တိုပိုလ်နဲ့ ဆင်မ်ဖှဲရိုပိုလ်တို့ကို ဆက်သွယ်ထားတဲ့ လမ်းသစ်ဖြစ်တဲ့ တာဗ်ရီးဒါ အဝေးပြေးလမ်းရှိ နှစ်ထပ်အိပ်ဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ရုရှားအစိုးရ ခန့်အပ်အုပ်ချုပ်ရေးမှူး မီခေးလ် ရာဇ်ဗိုဇ် ဟာယက်ဗ်က ပြောပါတယ်။

ဆီဗက်စ်တိုပိုလ်မြို့ရဲ့ မြို့စွန်မှာ ညတွင်းချင်းဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟ ာ လျှပ်စစ်ပစ္စည်း တခုကနေ ဝါယာရှော့ ဖြစ်တာကြောင့်လို့ ဒေသတွင်း တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေကို ကိုးကားပြီး အစိုးရပိုင် TASS သတင်းဌာနက ပြောပါတယ်။

မီးလောင်ချိန်မှာ နှစ်ထပ်တိုက်ငယ်အတွင်းမှာ လူပေါင်း ၁၈၅ ဦးရှိကြောင်း ဒေသတွင်း အရေးပေါ် ဝန်ဆောင်မှုများကို ကိုးကားပြီး RIA သတင်းဌာနက ဖော်ပြပါတယ်။

အလုပ်သမားနှစ်ဦးကိုလည်း ဆေးရုံတင်ထားရပါတယ်။ ရာဇဝတ်မှုကြီးတွေကို စုံစမ်းစစ်ဆေးတဲ့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက ဆိုက်မှာ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီမနက်မှာ မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း ရာဇ်ဗိုဇ် ဟာယက်ဗ်က သူ့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ ရေးသားခဲ့ပါတယ်။

ရုရှားဟာ ခရိုင်းမီးယားကို ယူကရိန်းဆီကနေ ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီး ကိယက်ဗ်ကလည်း အင်အားသုံးပြီး ပြန်သိမ်းယူဖို့ စီစဉ်နေပါတယ်။

3 mins Ago
Up