close

လုယက်ခံရမှု

close

November 28, 2022

မြောက်ဥက္ကလာပ၌ ၄ ရက်အတွင်း လုယက်ခံရမှု ၁၁ ကြိမ် ဖြစ်ပွား

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာလ ၂၅ ရက်ကနေ ၂၈ ရက်နေ့အတွင်း လုယက်မှု ၁၁ မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို စစ်ကောင်စီလက်အောက်ခံ မြောက်ဥက္ကလာပရဲစခန်းက ဖမ်းဆီးအရေးယူတာမျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က မြောက်ဥက္ကလာ ခေမာသီလမ်းမမှာ ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်လာထုတ်သူတဦးရဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ် အလုခံရတာ၊ သီရိရတနာကားဝန်းက ဘဏ်မှာ ပိုက်ဆံထုတ်လာတဲ့ ဝန်ထမ်းတဦး လုယက်ခံရတာ၊ အဝေးပြေးဝန်းအဝင် ကားဂိတ်မှာ ဆိုင်ကယ်ကယ်ရီသမား ဟန်ဆောင်ပြီး ဓားထောက်အလုခံရတာ၊ နိုဝင်ဘာ ၂၆ ရက်နေ့က ခြောက်ကွေ့၊ သုနန္ဒာလမ်းဆုံနဲ့ မေဓာဝီလမ်းမတွေမှာ ဆွဲကြိုးနဲ့ ဖုန်း အလုခံရမှု ၆ ကြိမ်၊ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ အဝေးပြေးကားဂိတ်က တက္ကစီစီးရင်း လမ်းမှာ ဓားထောက်အလုခံရမှုနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ မြောက်ဥက္ကလာရဲစခန်းရှေ့ ခေမာသီလမ်းမပေါ်က မြန်မာ့စီးပွားရေးဘဏ်အနားမှာ ပင်စင်ထုတ်ပြီး ပြန်လာသူရဲ့ ဖုန်းအပါအဝင် ပိုက်ဆံအိတ်နဲ့ ငွေသား ကျပ် ၂ သိန်းလောက် လုယက်ခံခဲ့ရတာလို့ သိရပါတယ်။

လုယက်ခံရသူတဦးက “သုနန္ဒာလမ်းဆုံမှာ ညနေ ၄ နာရီလောက်ပဲ ရှိသေးတယ် ညီမရဲ့ကောင်လေး ဖုန်းကိုင်ထားရင်းနဲ့ ဆွဲအလုခံလိုက်ရတာ၊ ဆိုင်ကယ်နဲ့ ကြိုးတံတားဘက် မောင်းပြေးသွားတယ်၊ အော်ပြီး အကူအညီတောင်းသေးတယ်။ ဘယ်သူမှ မလိုက်ပေးဘူး၊ စခန်းသွားတိုင်တော့ ဖုန်းရဲ့ IMEI ကုတ်မေးတယ်၊ ဝယ်ခဲ့တဲ့ ဘောက်ချာကိုတောင်းတယ်၊ အဲ့အချိန် သူတို့လိုက်ပေးရင်‌တောင် မိနေလောက်ပြီ" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုနဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ရန်ကုန်မြိုရဲ့ ဆင်ခြေဖုံးနေရာတွေမှာ ခိုးဆိုးလုနှိက်သူတွေ ပေါများလာတာကို တွေ့ရပြီး လုယက်ခံရနေတဲ့ မြောက်ဥက္ကလာပ မြိုနယ်ရဲ့ နေရာအများစုက လမ်းဆုံတွေ ဖြစ်တဲ့ သုနန္ဒာ၊ ခြောက်ကွေ့၊ မေဓာဝီ၊ ဈ ဈေးလမ်းဆုံ၊ အဝေးပြေး၊ မြန်မာ့စီးပွား‌ရေးဘဏ်အရှေ့တို ဖြစ်တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာ အမှတ်၉ ရဲစခန်းနဲ့ နီးစပ်သူတဦးက “စခန်းက လုံးဝ မဖမ်းတာတော့ မဟုတ်ပါဘူး။ ဖမ်းတယ်၊ ပြီးရင် နည်းနည်းပါးပါး ဆုံးမပြီး ပြန်လွှတ်လိုက်တာ၊ တရားရုံးလည်း အသစ်ဆောက်တုန်းလေ၊ အမှုကြီးသမားတွေပဲ အထဲမှာ ထားတာ၊ အမှုပေါ်လို ဖုန်းဆက်ခေါ်ရင်တောင် အပိုင်နယ်ထိန်းနဲ့ တာဝန်ကျတဲ့သူ ၅ ယောက်တစ်စု လက်နက်နဲ့သွားဖို ညွှန်ကြားထားတာ" လို ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ဟာ တောင်နဲ့မြောက်ဘက် အလျားလိုက်ဧရိယာအတွင်း ရပ်ကွက် ၁၉ ခု၊ မြိုသစ် ၂ ခု ပါဝင်ပြီး အောင်မင်္ဂလာအဝေးပြေး ကားဂိတ်နဲ့ လက်ကားဈေးဝန်းကြီးတွေ၊ ဘဏ်အများစု ရှိတာကြောင့် နယ်မှ လာသူတွေ၊ ငွေထုတ်သူတွေနဲ့ ဆိုင်တွေက ပြန်လာသူတွေကို ပစ်မှတ်ထားလုယက်နေတယ်လို့ ဈေးကဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ဆိုင်သိမ်းပြီး ပြန်မလို ဈေးအဝလည်းရောက်ရော တယောက်က အနောက်က ကပ်လာပြီး တွန်းလိုက်တာ ‌အရှေ့ကို ယိုင်သွားတဲ့အချိန်မှာ ပိုက်ဆံအိတ်နဲ့ ဆွဲကြိုးကို ဖြတ်လုပြီး ပြေးတာ၊ နောက်တယောက်က ဆိုင်ကယ်နဲ့ စောင့်နေတယ်၊ အ‌နောက်က ကယ်ရီသမားတွေ လိုက်သေးတယ်၊ မမီတော့ဘူး။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂၀ ရက်အတွင်း ရန်ကုန်မှာ လုယက်ခံရမှု အကြိမ် ၇၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူမှု အားနည်းတဲ့အတွက် ရန်ကုန်မြို့က လူငယ်တချိုဟာ ခိုးဆိုးလုနှိုက်အန္တရာယ်ကာကွယ်ရေး ကိုယ်ထူကိုယ်ထအသင်း Fight the Theives FTT လို အသင်းတွေ ဖွဲစည်းလာခဲ့ကြပါတယ်။

9 hours Ago

September 10, 2020

ပန်းတနော် CB ဘဏ် လုယက်ခံရမှု ၁ လကျော်ချိန်အထိ တရားခံ ဖမ်းမမိသေး

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့က CB ဘဏ်ခွဲ အတွင်း သေနတ်သမား ဝင်ရောက်ပြီး ခြိမ်းခြောက်ငွေလုယူမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို အချိန် ၁ လကျော်ကြာတဲ့အထိ  ဖမ်းမိတာမရှိသေးဘူးလို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်က  ဘဏ်ဖွင့်ချိန် မနက်ပိုင်းမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးရောက်ရှိလာပြီး သေနတ်လို့ယူဆရတဲ့ လက်နက်ကိုင်ဆောင်ကာ ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေကျပ် သိန်း ၁၂၀ ကျော် တောင်းယူသွားတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ "တရားခံကတော့ စုံစမ်းဆဲပါ၊ သေနတ်ကတော့ ကလေးကစားစရာသေနတ်ပဲ ဘာမှတော့ သုံးသပ်မရသေးဘူး၊ အဲ့လိုပုံစံနဲ့ ဝင်လုသွားတာ သံသယတရားခံ ဖမ်းဆီးစစ်ဆေးနေတာမျိုး လည်း လတ်တလောမရှိသေးပါဘူး"လို့ ပြောပါတယ်။ သေနတ်ပြ လုယက်ခဲ့တဲ့ အမျိုးသားဟာ ဘဏ်အတွင်းကို မိုးကာအင်္ကျီ အဖြူ လက်အိတ် အမည်း ဝတ်ဆင်ပြီး နှာခေါင်းစည်း(Mask) တပ်ဆင်ကာ ပိုက်ဆံလုယူခဲ့တာဖြစ်ပြီး နောက်ပိုင်း မှာ CB ဘဏ်ဝန်ထမ်းတွေက အရေးယူပေးဖို့ ရဲတပ်ဖွဲ့ထံသတင်းပေး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက ဘဏ်ရဲ့ CCTV မှတ်တမ်းတွေ ကိုစစ်ဆေးခဲ့ပြီး  တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးကွပ်ကဲမှုနဲ့ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up