close

လုယက်ခံရ

close

March 29, 2023

ပုလဲမြို့သစ်တွင် တက္ကစီယာဉ်မောင်း ၁ ဦး ဓားထိုးခံရပြီး ကားနှင့် ငွေများလုယက်ခံရ

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ် ၃ လမ်းမ၊ ဓာတ်ဆီဆိုင်အနီးမှာ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက တက္ကစီယာဉ်မောင်း ၁ ဦးကို  အမျိုးသား ၅ ဦးက ဓားနဲ့မွှန်း၊ ထိုးကြိတ်ပြီး ကားနဲ့ငွေတွေ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နေ့လယ် ၁ နာရီလောက်မှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကနေ လူ ၅ ဦးအဖွဲ့က ပုလဲမြို့သစ်ဘက်မှာ ပိုက်တပ်ဆင်ရေးလုပ်ငန်း သွားမလို့ဆိုပြီး တက္ကစီငှားရမ်းခဲ့တာလို့ သိရပါတယ်။

Terminal ဆီဆိုင်အကျော် လူပြတ်တဲ့လမ်းသွယ်တခုမှာ အသက် ၅၃ နှစ်အရွယ် တက္ကစီယာဉ်မောင်းရဲ့ လည်ပင်းကို အနောက်ကနေ ကြိုးနဲ့ချုပ်ထားပြီး ပေါင်၊ ခြေသလုံး၊ လက်မောင်း၊ မျက်လုံးအောက်နေရာတို့ကို ဓားနဲ့မွှန်း၊ ထိုးကြိတ်သွားတာပါ။

တက္ကစီယာဉ်မောင်းက “စော်ဘွားကြီးကုန်းနားမှာ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင် ရှိတယ်။ အဲ့ဒီမှတ်တိုင်ကနေပဲ ကားငှားတာ။ ပုလဲကစက်ရုံမှာ ဟော်လိုပိုက်သွားတပ်မလို့ လို့ ပြောတယ်။ Terminal ဆီဆိုင်ကျော်တော့ ၃ လမ်းမြောက် လမ်းသွယ်ထဲမှာ လည်ပင်းကို ကြိုးနဲ့ တယောက်ကချုပ်ထားတယ်၊ ဘေးကတယောက်က ဓားနဲ့ထိုးတာ၊ ပြီး‌တော့ ဝိုင်းထိုးကြတာ၊ ရှေ့မှာ ကားတစီးလာတာမြင်တော့ မောင်းပြေးသွားကြတာ” လို့  ပြောပါတယ်။

လုယက်သူ ၅ ဦးအဖွဲ့က အဖြူရောင် ပရိုဘောက်တက္ကစီယာဉ်၊ ငွေသား ကျပ် ၁၂၀,၀၀၀ ခန့်၊ MI အမျိုးအစား ဖုန်းတလုံးတို့ကို ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ယာဉ်မောင်းဖြစ်သူက နီးစပ်ရာ ရဲကင်းတခုကို သွားရောက်တိုင်ကြားပေမဲ့ သူတို့နဲ့ မဆိုင်ဘူးလို့ ပြန်ပြောနေတာကြောင့် မင်္ဂလာဒုံရဲစခန်းအထိ သွားရောက်ပြီး တိုင်ကြားချက် ပို့ခဲ့ရတယ်လို့ သိရပါတယ်။

ရဲစခန်းက စုံစမ်းစစ်ဆေးချက်အရ တက္ကစီလုယက်သွားသူတွေကို အင်းစိန်ပေါက်တောဝ မှတ်တိုင်မှာ ကားရပ်ဖို့ တားဆီးကြပေမဲ့ ပေါက်တောဝတံတားပေါ်ကနေ လှိုင်သာယာဘက် မောင်းပြေးသွားတယ်လို့ သိရပါတယ်။

ပုလဲမြို့သစ်မှာပဲ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်၊ မတ်လ ၂၂ ရက်တွေက တက္ကစီ ယာဉ်မောင်းလည်ပင်းကို အနောက်ကနေ ကြိုးနဲ့ချုပ်၊ ဓားနဲ့ထိုးပြီး တက္ကစီနဲ့ ဖုန်း၊ ပိုက်ဆံတွေ လုယက်မှု ၂ ကြိမ် ဖြစ်ခဲ့ပါသေးတယ်။

လုယက်သူတွေရဲ့ ပုံပန်းသဏ္ဌာန်ကို လုယက်ခံရသူ ယာဉ်မောင်း ၃ ဦးရဲ့ ပြန်ပြောပြချက်အရ ကုလားဆင် အသားညိုသူ ၁ ဦး၊ ဗလတောင့်သူ ၁ ဦးနဲ့ ပိန်ပါးသူ ၃ ဦးတို့က တူညီနေပြီး လည်ပင်းကို ကြိုးနဲ့သိုင်း အချုပ်ခံရတာနဲ့ ဓားနဲ့မွှန်းတာတွေလည်း တူညီနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် မနက်အစောပိုင်းကလည်း ဗဟန်းမြို့နယ်မှာ တက္ကစီယာဉ်မောင်းကို သတ်ပြီး ကားကို လုယက်သွားမှုတခု ဖြစ်ပေါ်ခဲ့ပေမဲ့ ကျူးလွန်သူ တရားခံတွေကိုတော့ စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

3 mins Ago

January 21, 2022

မြိတ်မြို့တွင် အမျိုးသမီး ရွှေဆွဲကြိုးလုယက်ခံရ

တနင်္သာရီတိုင်း မြိတ်မြို့  မြစ်ငယ်ရပ်ကွက် ကန်ကြီးရေကန်ဘောင်အနီးနားမှာ ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက  ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးတစ်ဦး ရွှေဆွဲကြိုးလုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီအမျိုးသမီးဟာ ကလေးကို ကျူရှင်သွားပို့စဉ် လမ်းမှာ ဆိုင်ကယ်တစ်စီး ပိတ်ရပ်ပြီး လုယက်ခဲ့တာကြောင့် လည်ပင်းမှာ ထိခိုက်ဒဏ်ရာအနည်းရရှိသွားပါတယ်။ 

လုယက်သွားသူဟာ သက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး  လုခံရတဲ့ ရွှေဆွဲကြိုးဟာ ကာလပေါက်ဈေး ၉ သိန်းနီးပါးရှိကာ လွန်ခဲ့တဲ့ ၁၀ ရက်ဝန်းကျင်ကမှ ဝယ်ထားတာလို့ သိရပါတယ်။ 

အဆိုပါလုယက်သူနဲ့ပတ်သက်လို့ CCTV မှတ်တမ်းရရှိထားပြီး မြိတ်မြို့မရဲစခန်းမှာ တိုင်ကြားသွားမယ်လို့လဲ ကာယကံရှင်က ပြောပါတယ်။ 

1 year Ago
Up