ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ နိုဝင်ဘာ ၂ ရက် ည ၇ နာရီလောက်က အမည်မသိအမျိုးသားသုံးယောက်က ဆိုင်ရှင်ကို ဓားနဲ့ထိုးကာ ငွေကျပ် သိန်း ၁၅၀ လောက် လုယက်သွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပန်းပဲတန်းမြို့နယ် ၁ ရပ်ကွက် ၂၆ လမ်းနဲ့ ကုန်သည်လမ်းထိပ်မှာ ဖွင့်လှစ်ထားတဲ့ ကုန်မာဆိုင်ကို ဓားကိုင်ထားသူတွေဝင်လာပြီး ဆိုင်ရှင်အပါအဝင် နှစ်ယောက်ကို ဓားနဲ့ထိုးကာ ငွေတွေရော ကားနဲ့ ဖုန်း ၃ လုံးပါ လုယက်သွားတာလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“ဆိုင်ရှင်ကို ပေါင်တွေချည်းပဲ ဓားနဲ့ထိုးတာ။ တော်သေးတယ် အသေမသတ်သွားလို့။ သိန်း ၁၅၀ ရော ကားရော ပါသွားတယ် ကြားတယ်”’လို့ ပြောပါတယ်။
လုယက်ခံရဲတဲ့ဆိုင်မှာ သစ္စာကုန်မာဆိုင် ဖြစ်ပြီး ဆိုင်ရှင်ဦးမောင်မောင်ထွန်းဟာ ဓားနဲ့ ထိုးခံရတဲ့အတွက် ပြတ်ရှဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
ဓားပြတိုက်ခံရတဲ့ ငွေပမာဏအတိအကျကိုတော့ စိစစ်ဆဲဖြစ်ပြီး အိမ်စီးကား Toyota Allison ကားခဲရောင်ကိုပါ ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဖြစ်တာက ၆ နာရီ ၅၀ မှာဖြစ်တာ။ ဆိုင်ရှင်ရော အတူနေ အမျိုးသားရော ဒဏ်ရာရတယ်။ ငွေက စိစစ်နေတုန်းပဲ။ Toyota ကားလည်း ယူသွားတယ်။”
ဓားထောက်လုယက်ခံရတာနဲ့ပတ်သက်ပြီး ပန်းဘဲတန်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားပြီး တရားခံတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
နိုဝင်ဘာလ ၁ ရက် မနက်ကလည်း ပုဇွန်တောင်ဘူတာရုံမှာ ဆိုင်ခန်းခကောက်ပြီး ပြန်လာတဲ့ မီးရထားဝန်တယောက်ကို အမည်မသိအမျိုးသားတွေက သေနတ်ပြပြီး ငွေကျပ် သိန်း ၂၀ ကျော် လုယက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ကျေးရွာတချို့မှာ လုယက် ဓားပြတိုက်ခံရမှုတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လူသွားလူလာနည်းပါးတဲ့ နမ့်တောကျေးရွာ၊ ကံကျော်ရကျေးရွာနဲ့ တက်ခတ် ပေးကုန်းကျေးရွာတွေ သွားတဲ့ နေရာတွေမှာ လုယက်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
Mask တပ်ထားတဲ့သူအချို့က လုယက် ဓားပြတိုက်နေတာ စက်တင်ဘာလကစပြီး ဒီနေ့အထိ ၇ ကြိမ်လောက်ရှိပြီဖြစ်ပြီး အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေး ရောင်းဝယ်သူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်လောက်က နမ့်တောမှာ ရွှေသွားရောင်းတဲ့သူတဦး လမ်းမှာ ဓားပြတိုက်ခံတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပိုက်ဆံပါရင် ပိုက်ဆံယူပါတယ်။ ဖုန်းပါရင် ဖုန်းယူပါတယ်။ ရွှေရောင်းတဲ့သူ တစ်ယောက်ဆိုရင် ၈ သိန်းဖိုးလောက် ပါသွားတယ်။”
လက်ရှိအချိန်ထိ ဓားပြတိုက်သူတွေက လူတွေကို အန္တရာယ်ပြုတာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ကုန်စျေးနှုန်းတက်ပြီး လုပ်ငန်းတွေအဆင်မပြေတာကြောင့် အခုကာလ လုယက် ဓားပြတိုက်မှုတွေ ဖြစ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။