ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဧပြီလ ၂၇ ရက် မနက်ပိုင်းက မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်သား ၈ ဦးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၈ ဦးဟာ လူသတ်မှုကျူးလွန်ထားသူ ၂ ဦး၊ လုယက်မှု ကျူးလွန်ထားသူ ၃ ဦးနဲ့ ခိုးမှုနဲ့ဖမ်းဆီးထားသူ ၃ ဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက “ သိတဲ့နာရီပိုင်းအတွင်းမှာပဲ ခရိုင်အဖွဲ့ကဆင်းပြီး ပိတ်ဆို့ဖမ်းဆီးနိုင်ဖို့ ကြိုးစားပါတယ်၊ ထွက်ပြေးသွားတဲ့သူတွေက ရာဇဝတ်မှုကျူးလွန်ထားတဲ့သူတွေဖြစ်တယ်၊ လောလောဆယ်တော့ တာဝန်ရှိတဲ့သူတွေကိုလည်း ထိန်းသိမ်းစစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၈ ဦးဟာ လူသတ်မှု၊ ခိုးမှုနဲ့ လုယက်မှုတွေကြောင့် ဖမ်းဆီးပြီး အမှုတည်ဆောက်ကာ တရားဆွဲဆိုထားပြီး အမှုရင်ဆိုင်နေဆဲသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ခရိုင်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ထွက်ပြေးလွတ်မြောက်သွားသူတွေထဲက ၂ ဦးကို ပြန်လည်ဖမ်းမိတယ်လို့ သတင်းတွေထွက်ပြေးနေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး အင်းဝဘဏ်ရှေ့မှာ ဧပြီ ၂၇ ရက် ည ၇ နာရီလောက်က အငှားယာဉ်မောင်းတဦး ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားငှားတဲ့ပုံစံနဲ့ လူ ၃ ယောက်က ကားကိုရပ်ခိုင်းပြီး ကားရပ်ပေးတဲ့အချိန် အငှားယာဉ်မောင်းဆီကနေ လုယက်ခဲ့တာလို့ ပြောပါတယ်။
“ကားငှားသလိုနဲ့ လူ ၃ ယောက်က ကားကိုတားတာ။ ကားရပ်တဲ့အချိန် ယာဉ်မောင်းကို ဓားထောက်ပြီး ပိုက်ဆံအိတ်၊ ဖုန်းတွေကို ဝင်လုလို့ အငှားယာဉ်မောင်းက ပြန်ခုခံတဲ့အတွက် လုယက်သူတွေက ဓားနဲ့ အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေးသွားကြတာ” လို့ ဒေသခံတွေက ပြောပါတယ်။
ဓားထိုးခံရတဲ့ အငှားယာဉ်မောင်းကို နီးစပ်ရာ လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရာ လမ်းမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ လုံခြုံရေး လှည့်ကင်းအဖွဲ့တွေ ရောက်ရှိလာပြီး ဗဟိုလမ်း အောက်ပိုင်းမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တွေ အပါအဝင် တခြား မသင်္ကာတဲ့ဆိုင်တွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။
ကမာရွတ်မြို့နယ်အတွင်း ရပ်ကွက်တိုက်ခန်းနဲ့ လမ်းတွေပေါ်မှာ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာပြီး စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို မဖမ်းဆီးနိုင်တဲ့အတွက် တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အပြင် ပြည်သူတွေအနေနဲ့ လုံခြုံမှုမရှိတော့ဘူးလို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။