close

လုံခြုံရေးကတိ

close

February 1, 2022

လုံခြုံရေးကတိများ အကောင်အထည်ဖော်ရန် နေတိုးမဟာမိတ်အဖွဲ့ကို ရုရှား တောင်းဆို

အဓိက လုံခြုံရေးကတိတွေကို အကောင်အထည်ဖော်ဖို့ နေတိုးမဟာမိတ်အဖွဲ့မှာ ရည်ရွယ်ချက် ရှိ၊ မရှိ ရှင်းလင်းပေးဖို့ ရုရှားက တောင်းဆိုကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

နေတိုးမဟာမိတ်အဖွဲ့က ရုရှားရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ပုံဟာ လုံလောက်အောင်တာ မသွားဘူးလို့ ရုရှား အစိုးရက ပြောအပြီးမှာ ခုလို ပြောလိုက်တာပါ။

ရုရှားဟာ ယူကရိန်းနယ်စပ်နားမှာ စစ်သည်အင်အား ၁ သိန်းကို တပ်ချထားပြီး ကျူးကျော်ဖို့ အစီအစဉ် မရှိဘူးလို့ ငြင်းနေတာပါ။ 

အမေရိကန် ဦးဆောင်တဲ့ ကာကွယ်ရေးမဟာမိတ်အဖွဲ့ နေတိုးနဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်တဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးတို့ကို ဒေသတွင်းလုံခြုံရေး ညှိနှိုင်းဖို့  ဖိအားပေးနေပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ အဓိကလုံခြုံရေး တောင်းဆိုချက်တွေကို အမေရိကန်နဲ့ နေတိုးတို့က မရည်ညွှန်းခဲ့ပေမယ့် ရုရှားက ဆက်ဆွေးနွေးဖို့ အသင့်ပဲလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဇန်နဝါရီ ၂၈ ရက်မှာ ပြောပါတယ်။

“တကယ်လို့ သူတို့လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုရင် ဘာကြောင့်လဲ ဆိုတာ ရှင်းပြသင့်တယ်။ ဒါဟာ ကျနော်တို့ရဲ့ အနာဂတ် အဆိုပြုချက်ကို ဆုံးဖြတ်ဖို့ အဓိက မေးခွန်း ဖြစ်လာလိမ့်မယ်။ ဒါကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ကျနော်တို့ အစီရင်ခံမယ်” လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။

ရုရှားဟာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကို ဥရောပအရှေ့ပိုင်းကနေ စစ်တပ်တွေ၊ လက်နက်တွေနဲ့ အတူ ပြန်ဆုတ်ခွာစေချင်ပြီး အိမ်နီးချင်း ယူကရိန်းကိုလည်း နေတိုးအဖွဲ့ထဲ မဝင်အောင် တားဖို့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ နေတိုးကတော့ ဒီအခြေအ​နေတွေကို ပယ်ချပြီး လက်နက်ထိန်းချုပ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်ချက်လို တခြားအရေးကိစ္စတွေကို ဆွေးနွေးဖို့ အသင့်ပဲလို့ ပြောပါတယ်။

1 min Ago
Up