close

လုံခြုံရေးကုမ္ပဏီ

close

April 20, 2022

ဘရားဇီးနိုင်ငံတွင် လုံခြုံရေးကုမ္ပဏီ တိုက်ခိုက်ခံရသဖြင့် ၃ ဦးဒဏ်ရာရ

ဘရားဇီးနိုင်ငံ၊ ပါရာနာပြည်နယ်၊ ဂွါရာပူအာဗာမြို့က လုံခြုံရေးကုမ္ပဏီတခု တိုက်ခိုက်ခံခဲ့ရတာကြောင့် ၃ ယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဧပြီ ၁၇ ရက်ညနဲ့ ၁၈ ရက် မနက်တွေမှာ လက်နက်တွေ အကြီးအကျယ် ကိုင်လာတဲ့ အမျိုးသား အယောက် ၃၀ ကျော်က ကားတွေကို မီးရှို့၊ ဒေသခံတွေကို ပြန်ပေးဆွဲပြီး စစ်ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ရေးပါတယ်။

ပါရာနာပြည်နယ် ပြည်သူ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ရိုမူလိုမာရင်ဟိုဆွာရက်စ်က သူတို့ပစ်မှတ်ဟာ ပရိုဖော်တီ လုံခြုံရေးကုမ္ပဏီပဲလို့ ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ ကုမ္ပဏီကနေ ဘာမှ အောင်အောင်မြင်မြင် ရမသွားဘူးလို့ သူက ဆက်ပြောပါတယ်။

ဘရာဇီး တရားရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး အန်ဒါဆန် တောရက်စ်က “ကျနော်တို့ အမြင်အရ ဒါဟာ အကြမ်းဖက်ဝါဒ ပုံစံတမျိုးပဲ။ မြို့နဲ့ ပြည်သူတွေ ဒုက္ခရောက်ရလို့ ကျူးလွန်သူတွေကို အပြင်းအထန် အပြစ်ပေးဖို့လိုမယ်။ အစိုးရက ဒါကို ခွင့်မပြုနိုင်ဘူး” လို့ ပြောပါတယ်။

လောလောဆယ် ကျူးလွန်သူကို အာဏာပိုင်တွေက ရှာနေတယ်လို့ ပါရာနာပြည်နယ် ဝန်ကြီးချုပ် ဟဒ်ဆန် လီယိုနီစီယို တေးရှေးရာက ပြောပါတယ်။

2 mins Ago
Up