close

လုံခြုံရေးစင်္ကြံ

close

November 29, 2022

ဆီးရီးယားနယ်စပ်တွင် တူရကီက လုံခြုံရေးစင်္ကြံ တည်ဆောက်မည်

တူရကီသမ္မတ တာယစ်အာဒိုဂန်က ဆီးရီးယားနဲ့ တောင်ပိုင်းနယ်စပ်တလျှောက် ကီလိုမီတာ ၃၀ ရှည်လျားတဲ့ လုံခြုံရေးစင်္ကြံတခု တည်ဆောက်မယ့် တူရကီရဲ့ ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၈ ရက်မှာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံထဲကို တူရကီစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘယ်သူ့ကိုမှ အနှောင့်အယှက် မဖြစ်စေရဘူးလို့ မြို့တော် အန်ကာရာမှာပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ အာဒိုဂန်က ပြောပါတယ်။

တူရကီဟာ နေ့စဉ်ပစ်ခတ်တဲ့ ဟောင်ဝစ်ဆာတွေနဲ့ ကာ့ဒ် YPG ပစ်မှတ်တွေကို တပတ်ကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်လေယာဉ်တွေကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်နေချိန် ဖြစ်ပါတယ်။

တူရကီတပ်ဖွဲ့တွေဟာ နယ်စပ်တလျှောက် ကာ့ဒ်ပြည်သူ့စစ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တူရကီစစ်တပ်ဟာ ဆီးရီးယားမြောက်ပိုင်းကို မြေပြင်မှာ ကျူးကျော်ဝင်ရောက်ရေးအတွက် အဆင်သင့်ရှိနေဖို့က ရက်ပိုင်းသာ လိုအပ်ပါတယ်။

အဲဒီအတွက် ဆုံးဖြတ်ချက်ကလည်း တနင်္လာနေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ရလဒ်ထွက်ပေါ်လာနိုင်ကြောင်း တူရကီ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ တရားဝင်ဆုံးဖြတ်ချက်ကို မျှော်လင့်ထားပေမဲ့လည်း အာဒိုဂန်ဟာ သူ့ရဲ့မိန့်ခွန်းထဲမှာ အဲဒီကိစ္စကို တိုက်ရိုက် ထည့်မပြောခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က အစ္စတန်ဘူလ်မှာ လူအသေအပျောက်များတဲ့ ဗုံးခွဲတိုက်ခိုက်မှုတခု ဖြစ်ပွားပြီးနောက်မှာ အန်ကာရာဟာ YPG ပြည်သူ့စစ်ကို အပြစ်တင်ခဲ့ပြီး နယ်စပ်တလျှောက်မှာ တိုက်ခိုက်ရေးအရှိန်အဟုန် မြင့်တက်လာတာပါ။

YPG ကတော့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေမှာ မော်တာကျည်ဆန်တွေနဲ့ မကြာခဏ တုံ့ပြန်ခဲ့ပါတယ်။

တူရကီဟာ အရင်ကလည်း YPG ကို တိုက်ခိုက်ဖို့ ဆီးရီးယားမှာ စစ်ရေးအရ ကျူးကျော်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

12 hours Ago
Up